မူးယစ်နှိမ်နင်းရေး ရခိုင်ပြည်နယ်ရဲတပ်ဖွဲ့ အခက်ကြုံနေ


2016.07.20
rakhine-police-620.jpg စစ်တွေမြို့ ပြည်နယ်ရဲတပ်ဖွဲ့မှူးရုံးမှာ ဇူလိုင်လ ၂ဝ ရက်နေ့က ရခိုင်ပြည်နယ်ရဲတပ်ဖွဲ့နဲ့ ဒေသခံတွေ တွေ့ဆုံကြစဉ်
Photo: Min Thein Aung/RFA

ရခိုင်ပြည်နယ်ကို ဝင်ရောက်လာတဲ့ မူးယစ်ဆေးဝါးတွေဟာ လာရာလမ်းကြောင်းတစ်လျှောက် ဆင့်ကဲဆင့်ကဲ လူအများအပြား သယ်ယူလုပ်ကိုင်တာဖြစ်တဲ့အတွက် အဓိကပိုင်ရှင်တွေကို ဖမ်းဆီးရမိဖို့ ခက်ခဲတယ်လို့ ရခိုင်ပြည်နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး စိန်လွင် က ပြောပါတယ်။

ဒီနေ့ စစ်တွေမြို့ ပြည်နယ်ရဲတပ်ဖွဲ့မှူးရုံးမှာ ဒေသခံတွေနဲ့တွေ့ဆုံရာမှာ ရခိုင်ပြည်နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး စိန်လွင် က ပြောတာဖြစ်ပါတယ်။

"သူတို့က အဆင့်လိုက်အဆင့်လိုက် အလွယ်တကူပြောရင်တော့ တစ်မြို့နယ်တစ်ယောက် တာဝန်ယူတာ၊ ဒီမြို့နယ်ပြီးရင် နောက်တစ်ယောက်ကို လက်လွှဲလိုက် ဖမ်းမိလို့ရှိရင် ပင်ရင်းမမိတဲ့ပြဿနာက အဲ့ဒါပဲ၊ ရန်ကုန်က လူသည် မန္တလေးဘက်ကနဲ့ချိတ်တယ်၊ မန္တလေးက ရန်ကုန်ကို တိုက်ရိုက်မရောက်ဘူး၊ မန္တလေးကနေ ပဲခူးတို့ဖြတ်ပြီးလာတာ၊ ရှမ်းပြည်ကလည်း မန္တလေးလောက်အထိပဲပို့တာ အဲ့လိုဆင့်ကဲဆင့်ကဲနဲ့လာတာ လာတော့ကွင်းဆက်ကပြတ်သွားရော"

ရဲတပ်ဖွဲ့ရဲ့ စုံစမ်းစစ်ဆေးမှုတွေအရ မူးယစ်ဆေးဝါး သယ်ယူပို့ဆောင်တာတွေမှာ သံဃာတော်တွေကိုယ်တိုင် ပါဝင်နေတယ်လို့လည်း ရခိုင်ပြည်နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး စိန်လွင် က ပြောပါတယ်။

အဓိကတရားခံဟာ မြို့ပေါ်မှာ ဂုဏ်သရေရှိလူကြီးတွေလို နေထိုင်တာဖြစ်ပြီး တယ်လီဖုန်းနဲ့ ညွှန်ကြားလုပ်ဆောင် တာကြောင့် ဖမ်းဆီးရမိဖို့ ခက်ခဲတာလို့လည်း ရဲမှူးကြီး စိန်လွင် က ဆိုပါတယ်။

ရခိုင်ပြည်နယ်ဘက်ကို စီးဆင်းလာတဲ့ မူးယစ်ဆေးဝါးတွေကို ရခိုင်တိုင်းရင်းသားကုန်သည်တွေက အဓိကဆောင် ရွက်တာဖြစ်ပြီး သက်ဆိုင်ရာဌာန အကျင့်ပျက်ဝန်ထမ်းတွေနဲ့ ပေါင်းပြီး ဘူးသီးတောင်၊ မောင်တောဒေသကနေ တစ်ဆင့် တစ်ဘက်ဘင်္ဂလားဒေ့ရ်ှနိုင်ငံကို ပို့ဆောင်တာဖြစ်တယ်လို့လည်း ပြောပါတယ်။

မြန်မာနိုင်ငံမှာ မူးယစ်ဆေးဝါးတွေကို တရားဥပဒေစိုးမိုးမှုမရှိတဲ့ တိုင်းရင်းသားလက်နက်ကိုင်ဒေသတွေမှာ ထုတ်လုပ်တာဖြစ်ပြီး အဲဒီကနေ နည်းလမ်းမျိုးစုံနဲ့ ရခိုင်ပြည်နယ်ကို ဝင်လာတာဖြစ်တယ်လို့လည်း ပြောပါတယ်။

ဒါ့အပြင် ရခိုင်ပြည်နယ်မှာ အရက်ကြောင့်ဖြစ်ရတဲ့ မှုခင်းတွေအများဆုံးတွေ့ရပြီး အရက်ကို တရားမဝင်ရောင်းချ တာတွေကို ရဲတပ်ဖွဲ့ကအရေးယူဆောင်ရွက်နေပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။