ပုဏ္ဏားကျွန်းမှာ ရွာသား ၄ဝ နီးပါး ဖမ်းဆီးခံရပြီး ၃၃ ဦးပြန်လွတ်


2020.04.20

ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမြို့နယ် ကျောက်ဆိပ်ကျေးရွာထဲကို မနေ့က မနက် ၈ နာရီဝန်းကျင်လောက်မှာ တပ်မတော်စစ်ကြောင်းတစ်ခုက ကျေးရွာထဲဝင်ရောက်လာပြီးနောက် AA အဖွဲ့နဲ့ ပတ်သက်ဆက်စပ်တယ်ဆိုတဲ့ သံသယနဲ့ ရွာအုပ်ချုပ်ရေးမှူးအပါအဝင် ရွာသား ၃၉ ဦးကို ဖမ်းဆီးခေါ်ဆောင်သွားတာလို့ ရွာသားတွေက RFA ကိုပြောပါတယ်။


အဲဒီတပ်မတော်စစ်ကြောင်းဟာ ကျေးရွာသားတွေကို အုပ်ချုပ်ရေးမှူးအိမ်မှာ ကနဦးစုခိုင်းပြီးနောက် ဖမ်းဆီးခေါ်ဆောင်သွားတာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ကျေးရွာသားတစ်ဦးက RFA ကိုပြောပါတယ်။

ဖမ်းဆီးခံခေါ်ဆောင်ခံရသူတွေဟာ အသက် ၁၈ နှစ်ကနေ ၅၅ နှစ်အရွယ်အထိရှိတဲ့ အမျိုးသားတွေလို့ သိရပြီး  သူတို့ကို ပုဏ္ဏားကျွန်းမြို့ အမှတ်-၅၅၀ တပ်ရင်းဘက်ကို ဖမ်းဆီးခေါ်ဆောင်သွားတာလို့လည်းဆိုပါတယ်။

တပ်မတော်စစ်ကြောင်းရဲ့အမိန့်နဲ့ ကျေးရွာအုပ်ချုပ်ရေးမှူးအိမ်မှာ လာရောက်ခဲ့ကြတဲ့ ကျေးရွာသား ၈၀ ကျော်လောက် ရှိပြီး အဲဒီအထဲက အသက်ကြီးပိုင်းတွေကို ပြန်လွှတ်ပြီးတော့ ကျန် ၃၉ ဦးကို ခေါ်ဆောင်သွားတာလို့ဆိုပါတယ်။

ပြီးခဲ့တဲ့ ဧပြီလ ၁၃ ရက်နေ့မနက်ပိုင်းက ကျောက်ဆိပ်ကျေးရွာထဲကို လက်နက်ကြီးတွေနဲ့ပစ်ခတ်ခံရလို့ လူ ၈ ဦးသေဆုံးပြီး ၁၃ ဦးဒဏ်ရာရခဲ့ပါတယ်။  အဲဒီလက်နက်ကြီးရဲ့ ဒလက်မှာ ၁၂၀ မမ၊ MK-2 လို့ပါရှိပြီး တပ်မတော်ကပစ်ခတ်တဲ့လက်နက်ကြီးလို့ ကျေးရွာသားတွေကပြောဆိုခဲ့ပေမယ့် တပ်မတော်ကတော့ ဒီဖြစ်စဉ်မရှိကြောင်း ညနေပိုင်းမှာ ငြင်းချက် ထုတ်ခဲ့ပါတယ်။

အဲဒီနေ့ဖြစ်စဉ်ကြောင့် ကျေးရွာသားအများအပြားဟာ နီးစပ်ရာကျေးရွာတွေနဲ့ မြို့တွေကို ထွက်ပြေးတိမ်းရှောင်သွားကြခဲ့ကြတယ်လို့ သိရပါတယ်။

အခုဖမ်းဆီးခံထားရသူတွေဟာလည်း အပြစ်မရှိတာကြောင့် အမြန်ဆုံးပြန်လွှတ်ပေးစေချင်တယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ နောက်ထပ်ကျေးရွာသားတစ်ဦးကပြောပါတယ်။

ပုဏ္ဏားကျွန်းမဲဆန္ဒနယ်က ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဦးထွန်းမောင်ကတော့ ဖမ်းဆီးခံရတဲ့ကျေးရွာသားတွေအတွက် အခြေအနေတွေကို အနီးကပ်စောင့်ကြည့်နေတယ်လို့ ပြောပါတယ်။

ပုဏ္ဏားကျွန်းမြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးငြိမ်းချမ်းက ဖမ်းဆီးခံထားရတဲ့ရွာသားတွေကိစ္စနဲ့ ပတ်သက်လို့ ရဲစခန်းကို တစုံတရာအကြောင်းကြားတာမျိုးတွေမရှိသေးဘူးလို့ ဒီနေ့ နေ့လယ် ၁ နာရီခွဲအချိန်က ပြောပါတယ်။

မနေ့က ကျေးရွာသားတွေ ဖမ်းဆီးခံရတဲ့ကိစ္စနဲ့ပတ်သက်လို့ ရက္ခိုင့်တပ်တော်(AA)ရဲ့ပြောခွင့်ရသူ ခိုင်သုခကို RFA က ဆက်သွယ်မေးမြန်းရာမှာ အခုလို ဖမ်းဆီးတာဟာ ၁၃ ရက်နေ့ လက်နက်ကျည်ကျရောက်ပေါက်ကွဲပြီး လူသေဆုံးခဲ့တာတွေကို သတင်းမီဒီယာတွေကို ထုတ်ဖော်ပြောကြားတဲ့အတွက် ဖမ်းဆီးတာဖြစ်နိုင်ပြီး ဒါဟာ အရပ်သားတွေအပေါ် ကျူးလွန်တဲ့ စစ်ရာဇဝတ်မှုဖြစ်တယ်လို့ ခိုင်သုခက ဖြေကြားပါတယ်။

မနေ့က ကျေးရွာသားတွေကို တပ်မတော်ကဖမ်းဆီးတဲ့ကိစ္စနဲ့ပတ်သက်လို့ တပ်မတော်သတင်းမှန် ပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ်ဇော်မင်းထွန်းကို  ရွာသား  ၃၉ ဦး မဟုတ်ဘဲ ၃၈ ဦးကို ဖမ်းဆီးထားတာ မှန်ကန်ကြောင်း၊ AA အဖွဲ့နဲ့ ပတ်သက်တယ်လို့ သံသယရှိတဲ့အတွက် ခေါ်ယူုစစ်ဆေးနေတာဖြစ်ကြောင်း၊ လောလောဆယ် ပြန်လွှတ်ပေးမှာ မဟုတ်သေးဘဲ စုံစမ်းစစ်ဆေးအပြီး စစ်ဆေးချက်ရလဒ်တွေအပေါ်မှာ မူတည်ပြီး ဆက်လက်လုပ်ဆောင်သွားမှာဖြစ်ကြောင်း RFA ကို ဖြေကြားပါတယ်။ 

ရခိုင်ပြည်နယ်မှာ တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေပြီး ဒီနေ့မှာလည်း မင်းပြားမြို့နယ်မှာ ဒီနေ့အထိ တိုက်ပွဲတွေ  ဆက်ဖြစ်နေတယ်လို့ ဒေသခံတွေကပြောပါတယ်။

ရခိုင်မြောက်ပိုင်းမှာ တိုက်ပွဲတွေနဲ့ဆက်နွယ်လို့ နေရပ်စွန့်ခွာထွက်ပြေးရသူ အရေအတွက်ဟာ တစ်သိန်းခုနစ်သောင်းခန့်ရှိနေပြီလို့ ဒေသခံတွေကဆိုပါတယ်။ RFA က ရရှိခဲ့တဲ့အချက်အလက်တွေအရ ရခိုင်ပြည်နယ်မြောက်ပိုင်းနဲ့ ချင်းပြည်နယ် ပလက်ဝမြို့နယ်တွေမှာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၂၆ ကနေ ဒီနေ့ ဧပြီလ ၂၀ ရက်နေ့အထိ အချိန် ၁ လကျော်ကာလမှာ သေဆုံးတဲ့ အရပ်သား ၈၅ ဦးထက်မနည်းရှိနေသလို ထိခိုက်ဒဏ်ရာရသူဟာလည်း ၂၀ဝ ကျော်အထိရှိနေပါတယ်။

(RFA က နောက်ဆုံးရရှိတဲ့  အချက်အလက်တွေအရ ဒီသတင်းထုတ်လွှင့်အပြီး ညဘက်မှာ တပ်မတော်က ဖမ်းဆီးထားတဲ့သူတွေထဲက ရွာသား ၃၃ ဦးကို ပြန်လွှတ်ပေးခဲ့တယ်လို့ သိရပါတယ်။)
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။