ရခိုင်ပြည်နယ်ကနေ MSF အဖွဲ့ကို ဖယ်ရှားပေးဖို့ တောင်းဆို
2014.02.17

ရခိုင်ပြည်နယ်မှာ ကျန်းမာရေး အကူအညီတွေပေးနေ တဲ့ MSF ခေါ် နယ်စည်းမခြား ဆရာဝန်များအဖွဲ့ကို ရခိုင်ပြည်နယ်အတွင်းကနေ ဖယ်ရှားပေးဖို့ စစ်တွေမြို့ ရပ်မိရပ်ဖတွေ၊ ဘာသာရေးခေါင်းဆောင်တွေနဲ့ လူမှုအဖွဲ့အစည်းတွေ စုပေါင်းပြီး နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ထံ ဒီနေ့ စာရေးသားတောင်းဆိုလိုက်ကြ ပါတယ်။
ဒီကိစ္စနဲ့ပတ်သက်ပြီး စာရေးသားတောင်းဆိုရာမှာ ပါဝင်တဲ့ စစ်တွေမြို့ ရခိုင်လူမှုကွန်ရက်က ကိုစိုးနိုင်က RFA ကို အခုလို ပြောပါတယ်။
"ဒီ ၂ဝ၁၃ မှာဖြစ်ပွားခဲ့တဲ့ ဒီလုံခြုံရေးတပ်ဖွဲ့တွေ နဲ့ ဘင်္ဂါလီတွေ အချင်းများတဲ့ကိစ္စကို သူတို့က ရခိုင်တွေနဲ့ ဘင်္ဂါလီတွေ လူမျိုးရေး ပဋိပက္ခအသွင် ဖန်တီးပြီးတော့ ကြေညာချက် ထုတ်တာတွေရှိ တယ်၊ ကျနော်တို့ ရခိုင်မြေမှာ မရှိသင့်တဲ့ အဖွဲ့အစည်းတစ်ခုအဖြစ် စစ်တွေမြို့လူထုကရော အသင်းအဖွဲ့ပေါင်းစုံကရော ယုံကြည်တဲ့အတွက် ကျတော်တို့ ငြိမ်းချမ်းစွာနဲ့ သမ္မတကြီးဆီကိုလည်း တိုင်မယ်၊ ပြီးတော့ ငြိမ်းချမ်းတဲ့ ဆန္ဒဖော်ထုတ်မှုတွေ ကိုလည်း ဖော်ထုတ်သွားမှာဖြစ်ပါတယ်"
နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ထံ ဒီနေ့ ပေးပို့တဲ့စာထဲမှာ MSF ခေါ် နယ်စည်းမခြား ဆရာဝန်များအဖွဲ့ဟာ မွတ်စလင်တွေဘက်ကရပ်တည်ပြီး ဒေသခံရခိုင်တိုင်းရင်းသားတွေကို ခွဲခြားဆက်ဆံနေတာတွေအပြင် ရခိုင်ပြည်နယ်ထဲက မွတ်စလင်တွေကို နိုင်ငံတကာက အာရုံစိုက်မှုတွေ ပိုမိုရရှိလာအောင် လုပ်ဆောင်ခဲ့တဲ့ သက်သေအထောက်အထားတွေနဲ့ တင်ပြထားတယ်လို့လည်း သိရပါတယ်။
ဒီကိစ္စနဲ့ပတ်သက်ပြီး ရန်ကုန်မြို့အခြေစိုက် MSF ခေါ် နယ်စည်းမခြား ဆရာဝန်များအဖွဲ့ ရုံးကို RFA က ဆက်သွယ်မေးမြန်းခဲ့ရာမှာ MSF ဟော်လန်အဖွဲ့ရဲ့ မြန်မာပြည်ဆိုင်ရာ ဌာနေကိုယ်စားလှယ် Peter Paul Groote က MSF ဟာ ရခိုင်ပြည်နယ်က လူ့အဖွဲ့အစည်းအားလုံးအတွက် ကျန်းမာရေးစောင့်ရှောက်မှုတွေကို လူမျိုး၊ ဘာသာ ခွဲခြားမှုမရှိဘဲ ကျန်းမာရေးလိုအပ်မှု တစ်ခုတည်းကိုသာအခြေခံပြီး ကူညီပေးနေတာဖြစ်တဲ့အတွက် MSF ရဲ့ ကျန်းမာရေးစောင့်ရှောက်မှုကို ရခိုင်ပြည်နယ်ရှိ ပြည်သူတွေအားလုံးရယူဖို့ တိုက်တွန်းလိုကြောင်း အင်တာနက်အီးမေးလ်ကနေတစ်ဆင့် ပြန်လည်ဖြေကြားပါတယ်။
ဒါ့အပြင် MSF အနေနဲ့ ရခိုင်ပြည်နယ်က HIV လူနာ ၉၀၀ ကျော်ကိုလည်း စောင့်ရှောက်မှုပေးနေတာအပြင် ငှက်ဖျားရောဂါ ကုသရေးဌာနတွေရှိပြီး စစ်တွေမြို့အနောက်ဘက် ရခိုင်ဒုက္ခသည်စခန်းတွေအပြင် ဘူးသီးတောင်၊ မောင်တော၊ မင်းပြား၊ မြေပုံ စတဲ့မြို့နယ်တွေမှာ ဒေသခံ လူအဖွဲ့အစည်း နှစ်ရပ်စလုံးအတွက် အခြေခံကျန်းမာရေးစောင့်ရှောက်မှုအဖြစ် ဆေးခန်းတွေ ဖွင့်လှစ်ပေးထားကြောင်း ဖြေကြားခဲ့ပါတယ်။