ရသေ့တောင်မြို့နယ်မှာ မုဒိမ်းမှုကျူးလွန်ခဲ့ကြောင်း တပ်မတော်သား သုံးဦး ဝန်ခံ


2020.09.09

ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ် ဦးဂါကျေးရွာက ရွာခံအမျိုးသမီးတစ်ဦးကို အဓမ္မပြုကျင့်ခဲ့ကြောင်း ကာယကံရှင် တပ်မတော်သားတွေက ဝန်ခံထွက်ဆိုထားတယ်လို့ တပ်မတော်သတင်းမှန်ပြန်ကြားရေး ဥက္ကဌ ဗိုလ်ချုပ်ဇော်မင်းထွန်းက RFA ကို အတည်ပြုပြောလိုက်ပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ ၃၀ ရက်နေ့မှာ ရသေ့တောင်မြို့နယ် ဦးဂါကျေးရွာကိုရောက်နေတဲ့ တပ်မတော်စစ်ကြောင်းက တပ်မတော်သား သုံးဦးက အဲ့ဒီရွာမှာ နေထိုင်တဲ့ သားသမီးလေးယောက်မိခင်၊ အသက် ၃၆ နှစ်အရွယ် အမျိုးသမီးတစ်ဦးကို အဓမ္မပြုကျင့်ခဲ့ပြီး ကာယကံရှင်ရဲ့ သမီးဖြစ်သူကိုပါ အဓမ္မပြုကျင့်ဖို့ ကြိုးစားခဲ့တာ ဖြစ်ပါတယ်။

ကျူးလွန်ခံရသူ အမျိုးသမီးရဲ့ ကိုယ်မှာတွေ့ရှိတဲ့ အထောက်အထားတွေနဲ့ အခင်းဖြစ်တဲ့နေ့က ဦးဂါရွာကို ရောက်ရှိခဲ့တဲ့ တပ်မတော်သား တချို့ရဲ့ DNA စစ်ဆေးချက်တွေ တူညီနေကြောင်း ဌာနတွင်းအစီရင်ခံစာနဲ့ ပတ်သက်လို့ RFA က စက်တင်ဘာလ ၉ ရက်နေ့က မေးမြန်းရာမှာ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောခဲ့တာပါ။

“စုံစမ်းစစ်ဆေးရေးခုံရုံး ပထမဆုံးလုပ်ခဲ့တယ်။ စစ်သည်တွေအနေနဲ့ သက်သေအထောက်အထားတွေ ပြတယ်။ မလုပ်ခဲ့ဘူးလို့ ထွက်ဆိုတယ်။ ထွက်ဆိုပြီးနောက်ပိုင်းမှာ ခုံရုံးနဲ့ပတ်သက်ပြီး ကျန်တဲ့ စစ်သည်တွေကိုလည်း ကျယ်ကျယ်ပြန့်ပြန် ပြန်ပြီး စစ်ဆေးတယ်။ ခုံရုံးက အစီရင်ခံတဲ့အပေါ်မှာ ထပ်မံစစ်ဆေးဖို့လိုအပ်တယ် ဆိုတာ တေ့ွရှိတယ်။ ဒါကြောင့်မို့ ဒီစစ်သည်တွေကို ထပ်မံစစ်ဆေးတယ်၊ အဲဒီအခါမှာ မြေပြင်မှာဖြစ်တဲ့ အကြောင်းခြင်းရာတွေရော သူတို့ထွက်ဆိုချက်တွေရော တိုက်ဆိုင်စစ်ဆေးတော့ သံသယဖြစ်စရာ တွေ့တော့ ထပ်မံစစ်ဆေးတယ်။ အဲဒီအခါမှာ စစ်သည်တစ်ဦးက ဝန်ခံတယ်။ အဲဒါနဲ့ သူနဲ့ ဆက်စပ်သူတွေကိုပါ ထပ်မံစစ်ဆေးတယ်။ အဲဒီတော့ ပြစ်မှုကျူးလွန်ကြောင်း ဝန်ခံတဲ့ပုံစံ ပေါ်ပေါက်လာတယ်။ အဲဒါကြောင့် ကျွန်တော်တို့အနေနဲ့က သက်သေခံချက်တွေ ထပ်မံရယူပြီး စစ်စည်းကမ်းအရ အရေးယူသွားဖို့ ရှိတယ်”

တပ်မတော်သားတွေ ကျူးလွန်ခဲ့တဲ့ ဒီမုဒိမ်းမှုဖြစ်စဉ်ကို ဇူလိုင်လ ၃ ရက်နေ့မှာ RFA က သတင်းထုတ်လွှင့်ခဲ့တာ ဖြစ်ပါတယ်။

အဲ့ဒီနောက် ကာယကံရှင် အမျိုးသမီးကိုယ်တိုင်ကလည်း ပြစ်မှုကျူးလွန်တဲ့ တပ်မတော်သားတွေကို အရေးယူဖို့ ဇူလိုင်လ ၁၀ ရက်နေ့က စစ်တွေ မြို့မရဲစခန်းမှာ ရာဇသတ်ကြီးပုဒ်မ ၃၇၆ - မုဒိမ်းမှု၊ ပုဒ်မ ၃၆၆ - အတင်းအဓမ္မ သွေးဆောင် ဆွဲခေါ်မှု၊ ပုဒ်မ ၁၁၄ - ပြစ်မှုကျူးလွန်ဖို့  အားပေးမှု စတဲ့ ပုဒ်မသုံးခုနဲ့ တိုင်ချက်ဖွင့်ခဲ့ပါတယ်။

ကာယကံရှင်အမျိုးသမီးက မုဒိမ်းမှုနဲ့ အမှုဖွင့်တိုင်ကြားပြီးနောက် တပ်မတော်ကခုံရုံးဖွဲ့စစ်ခဲ့တာပါ။

ပြစ်မှုကျူးလွန်သူတွေကို ၁၉၅၉ ခုနှစ်တပ်မတော် အက်ဥပဒေအရအရ အရေးယူမှာဖြစ်သလို တပ်မတော်သားတွေ ကျူးလွန်တဲ့ လူသတ်မှု၊ လူသေမှု၊ မုဒိမ်းမှုတွေအတွက် အရပ်ဘက် ရာဇသတ်ကြီးဥပဒေနဲ့ အရေးယူပိုင်ခွင့် ရှိတဲ့အတွက် သူတို့ဟာ အရပ်ဘက်က ရာဇသတ်ကြီးဥပဒေနဲ့ပါ အရေးယူခံရမယ့်သဘော ရှိကြောင်းလည်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောပါတယ်။

အဓမ္မပြုကျင့်ခံရမှု အရေးယူပေးဖို့ တိုင်ချက်ဖွင့်ရန် စစ်တွေမြို့မရဲစခန်းကို  ဇူလိုင်လ ၁၀ ရက်နေ့က ကာယကံရှင်အမျိုးသမီး သွားရောက်ခဲ့စဉ်။
အဓမ္မပြုကျင့်ခံရမှု အရေးယူပေးဖို့ တိုင်ချက်ဖွင့်ရန် စစ်တွေမြို့မရဲစခန်းကို ဇူလိုင်လ ၁၀ ရက်နေ့က ကာယကံရှင်အမျိုးသမီး သွားရောက်ခဲ့စဉ်။
Photo: Min Thein Aung/RFA


အဓမ္မပြုကျင့်ခံခဲ့ရတဲ့ ကာယကံရှင် အမျိုးသမီးက ပြစ်မှုကျူးလွန်ခဲ့သူတွေကို ထိရောက်တဲ့ ပြစ်ဒဏ်တွေ ပေးစေချင်တယ်လို့ RFA ကို ပြောပါတယ်။

“ကျွန်မတို့က တရားမျှတမှုကိုပဲ လိုပါတယ်။ ကျူးလွန်တဲ့သူတွေကို အပြစ်ပေးတာကိုပဲ ကျွန်မလိုချင်ပါတယ်။ အဲဒီလို အပြစ်ပေးစေချင်လို့ပဲ ကျွန်မက တိုင်ကြားခဲ့တာပါ။ ကိုယ့်အပြစ်ကို ကိုယ်ဝန်ခံတယ် ဆိုတာကလည်း သူတို့အပြစ်ကို သူတို့သိနေလို့ ဝန်ခံကြတာပဲ ဖြစ်တယ်။ ကျွန်မအနေနဲ့လည်း လီဆယ်ပြီး တိုင်ကြားတာမဟုတ်ဘူး ဆိုတာကို တစ်ရွာလုံး၊ တစ်မြို့လုံး၊ တစ်နိုင်ငံလုံး သိသွားကြတာပေါ့။ ဒါကို ကျွန်မအနေနဲ့ ဝမ်းလည်းသာတယ်၊ ပျော်လည်းပျော်တယ်၊ အားလည်း ရှိသွားပါတယ်။ ကျွန်မတို့ရဲ့ မိသားစုဘဝ ရှေ့ဆက် လုံခြုံဖို့ကိုလည်း ကျွန်မ လိုချင်ပါတယ်”

ပြစ်မှုကျူးလွန်တယ်လို့ဝန်ခံထွက်ဆိုထားတာနဲ့ပတ်သက်လို့ ဘယ်လို ရှေ့ဆက်ဆောင်ရွက်မယ် ဆိုတာကို သိနိုင်ဖို့ တိုင်ကြားချက် ဖွင့်ထားတဲ့ စစ်တွေမြို့မရဲစခန်းကို RFA က တယ်လီဖုန်းကနေတစ်ဆင့် မေးမြန်းဖို့ကြိုးစားခဲ့ပေမယ့် အကြောင်းမပြန်ခဲ့ပါဘူး။

အမှုကို လိုက်ပါဆောင်ရွက်ခဲ့တဲ့ Legal Clinic Myanmar (LCM) အဖွဲ့က တရားလွှတ်တော်ရှေ့နေ ဒေါ်မြသူဇာက နစ်နာသူဘက်က ဥပဒေကြောင်းအရ ဆက်လက် အကူအညီပေးသွားဖို့ ရှိတယ်လို့ ပြောပါတယ်။

“အမှုမှန်ပေါ်ပေါက်ဖို့အတွက်ကို ကြိုးစားပေးတယ် စစ်ဆေးပေးတဲ့အတွက်ကို ပထမတစ်ချက်အနေနဲ့ ကျွန်မက ကျေးဇူးတင်တယ် ပေါ့နော်။ ကာယကံရှင်အမျိုးသမီးကိုယ်စား၊ အမျိုးသမီး အရပ်ဘက်အဖွဲ့တွေရဲ့ကိုယ်စား ကျွန်မတို့ Legal Clinic Myanmar (LCM)  ရှေ့နေတစ်ယောက်အနေနဲ့ အရမ်းကျေးဇူးတင်တယ်လို့ ကျွန်မ ပြောချင်ပါတယ်။ ကျွန်မတို့က ထပ်ပြီးတော့ အမှုမှန်ပေါ်ပေါက်ဖို့နဲ့ ကျူးလွန်ခံရသူရဲ့ တရားမျှတမှု ရရှိရေးအတွက်ကို ကျွန်မတို့ Legal Clinic Myanmar (LCM) အနေနဲ့ ဥပဒေကြောင်းအရ အစွမ်းကုန် ကြိုးစား ဆောင်ရွက်သွားမှာပါ”

ဒေသခံပြည်သူတွေအနေနဲ့ တပ်မတော်သားတွေရဲ့ မတော်တမရားအနိုင်ကျင့်ခံရတယ်လို့ယူဆပြီး  ဥပဒေကြောင်းအရ တိုင်ကြားချက်တွေ ရှိလာရင် တပ်မတော်ဘက်က လျစ်လျူရှုထားတာမရှိဘဲ စုံစမ်း အရေးယူလေ့ ရှိတဲ့အတွက် ဥပဒေနဲ့အညီ တိုင်ကြားဖို့လိုအပ်ကြောင်း တပ်မတော် တာဝန်ရှိသူတွေက RFA ကို  ပြောဆိုထားပါတယ်။

(Updated: 5:55 PM, 10 September 2020 Thursday)

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။