မုဒိမ်းမှုကျူးလွန်ခဲ့တဲ့ တပ်မတော်သားတွေကို စစ်တရားရုံးမှာ ပြင်းပြင်းထန်ထန် အရေးယူသွားမည်
2020.09.16

ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ် ဦးဂါကျေးရွာဒေသခံ အမျိုးသမီးတစ်ဦးကို အဓမ္မပြုကျင့်ခဲ့ကြောင်း ဝန်ခံထားတဲ့ တပ်မတော်သားသုံးဦးကို ပြင်းပြင်းထန်ထန် အရေးယူသွားမယ်လို့ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က စက်တင်ဘာလ ၁၆ ရက်နေ့မှာ သတင်းထုတ်ပြန်ပါတယ်။
အဲ့ဒီတပ်မတော်သားသုံးဦးကို စစ်တရားရုံးမှာ ပွင့်လင်းမြင်သာ စစ်ဆေးသွားမှာဖြစ်သလို ကျန်တာဝန်ရှိသူတွေကိုလည်း အရေးယူသွားမယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ ဇွန်လ ၃၀ ရက်နေ့မှာ ရသေ့တောင်မြို့နယ် ဦးဂါကျေးရွာကိုရောက်နေတဲ့ တပ်မတော်စစ်ကြောင်းက တပ်မတော်သားသုံးဦးဟာ အဲ့ဒီရွာမှာ နေထိုင်တဲ့ သားသမီးလေးယောက်မိခင်၊ အသက် ၃၆ နှစ်အရွယ် အမျိုးသမီးတစ်ဦးကို အဓမ္မပြုကျင့်ခဲ့ပြီး ကာယကံရှင်ရဲ့ သမီးဖြစ်သူကိုပါ အဓမ္မပြုကျင့်ဖို့ ကြိုးစားခဲ့တာ ဖြစ်ပါတယ်။
ကျူးလွန်ခံရသူ အမျိုးသမီးရဲ့ကိုယ်မှာ တွေ့ရှိတဲ့ အထောက်အထားတွေနဲ့ အခင်းဖြစ်တဲ့နေ့က ဦးဂါရွာကို ရောက်ရှိခဲ့တဲ့ တပ်မတော်သားတချို့ရဲ့ DNA စစ်ဆေးချက်တွေ တူညီနေကြောင်း တပ်မတော်သတင်းမှန်ပြန်ကြားရေး ဥက္ကဋ္ဌ ဗိုလ်ချုပ်ဇော်မင်းထွန်းက RFA ကိုပြောထားပါတယ်။
တပ်မတော်သားတွေ ကျူးလွန်ခဲ့တဲ့ ဒီမုဒိမ်းမှုဖြစ်စဉ်ကို ဇူလိုင်လ ၃ ရက်နေ့မှာ RFA က သတင်းထုတ်လွှင့်ခဲ့တာ ဖြစ်ပါတယ်။ ကာယကံရှင် အမျိုးသမီးကိုယ်တိုင်ကလည်း ပြစ်မှုကျူးလွန်တဲ့ တပ်မတော်သားတွေကို အရေးယူဖို့ စစ်တွေ၊ မြို့မရဲစခန်းမှာ ရာဇသတ်ကြီးပုဒ်မ ၃၇၆ - မုဒိမ်းမှု၊ ပုဒ်မ ၃၆၆ - အတင်းအဓမ္မ သွေးဆောင်ဆွဲခေါ်မှု၊ ပုဒ်မ ၁၁၄ - ပြစ်မှုကျူးလွန်ဖို့ အားပေးမှု စတဲ့ ပုဒ်မသုံးခုနဲ့ ဇူလိုင်လ ၁၀ ရက်နေ့က တိုင်ချက်ဖွင့်ထားပါတယ်။