အစိုးရ တပ်မတော်နဲ့ AA တို့ လက်ရှိဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် ချင်းပြည်နယ် ပလက်ဝမြို့နယ်က ရခိုင်နဲ့ ခမီ စတဲ့ တိုင်းရင်းသား ဒေသခံ ၁၈၀ ကျော် ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထွက်ပြေးခဲ့ကြတဲ့အနက် ကလေးငယ် ၅၀ ခန့် ဖျားနာနေကြပြီး အသက်အန္တရာယ်စိုးရိမ်နေရတယ်လို့ သိရပါတယ်။
တပ်မတော်က ရဟတ်ယာဉ်သုံးပြီး AA ရခိုင်အဖွဲ့ကို တိုက်ခိုက်ခဲ့ရာမှာ ကျေးရွာတွေကို လက်နက်ကျည်ဆံတွေ ထိမှန်ခဲ့သလို တချို့ရွာတွေလည်း မီးရှို့ခံရတာကြောင့် ရခိုင်လူမျိုး မိသားစု ၂၃ စုက လူဦးရေ ၇၆ ဦး၊ ခမီလူမျိုး မိသားစု ၁၂ စုက လူဦးရေ ၄၈ ဦးနဲ့ ချင်းမျိုးနွယ်စုဝင် တစ်ခုက လူဦးရေ ၅၈ ဦး တို့ဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ဘန်ဒရိုဘန်ခရိုင် ရုံမော်မြို့နယ်ကို ထွက်ပြေးခဲ့ကြရတယ်လို့ ဒုက္ခသည်တွေကို ကူညီပေးနေတဲ့ ဘင်္ဂလားဒေ့ရှ် လူ့အခွင့်အရေးအဖွဲ့က ခေါင်းဆောင်တစ်ဦးဖြစ်သူ ဦးဝင်းသိန်းက RFA ကို ဒီနေ့ ပြောပါတယ်။
အစိုးရတပ်မတော်နဲ့ ရခိုင်တပ်မတော် AA တို့ ချင်းပြည်နယ် ပလက်ဝမှာဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေကြောင့် လုံခြူံရေးအရ နယ်မြေရှင်းလင်းမှုတွေလုပ်ခဲ့ကြောင်း တပ်မတော်က RFA ကို အတည်ပြုပြောကြားပါတယ်။
အဲဒီလို နယ်မြေရှင်းလင်းမှုမှာ တပ်မတော်က ရဟတ်ယာဉ် အသုံးပြုခဲ့တယ်ဆိုတဲ့အချက်နဲ့ ရွာတွေကို မီးရှို့တယ်ဆိုတဲ့ စွပ်စွဲချက်တွေအပေါ် ဒေသခံတွေနဲ့ တပ်မတော်ကြား အငြင်းပွားနေပါတယ်။
ဒုက္ခသည်တွေကို ကူညီပေးနေတဲ့ ဘင်္ဂလားဒေ့ရှ် လူ့အခွင့်အရေးကော်မရှင်ဥက္ကဋ္ဌ ဦးဝင်းသိန်းက ပလက်၀ မှာနေထိုင်ကြတဲ့ အဲဒီ တိုင်းရင်းသားတွေဟာ မြန်မာ့တပ်မတော်က ရဟတ်ယာဉ်သုံးပြီး တိုက်ခိုက်မှုနဲ့ ရွာတွေကို မီးရှို့တာကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံကို နေရပ်စွန့်ခွာ ထွက်ပြေးခဲ့ရတာဖြစ်တယ်လို့ RFA ကိုပြောပါတယ်။
"ကျွန်တော်တို့ လူ့အခွင့်ရေးအဖွဲ့တွေ ကူညီကယ်ဆယ်ရေးအဖွဲ့တွေက သွားပြီးတော့မေးတော့ သူတို့ပြောတာက မြန့်မာ့တပ်မတော်က ရဟတ်ယာဉ်တွေသုံးပြီးတော့ တောတွေတောင်တွေအနှံ့ကို သေနတ်တွေနဲ့ ပစ်တာပေါ့၊ ရွာကိုတော့မပစ်ဘူး လူကိုတော့မထိဘူး ဒါပေမဲ့ သူတို့က ကြောက်ပြီး ရွာပြင်ကို ထွက်ပြေးသွားတယ်၊ သူတို့တောထဲမှာ တစ်ညအိပ်ပြီးတော့ မိုးလင်းရွာကိုပြန်တော့ ရွာထဲက ခွေးဟောင်အသံတွေလည်းကြားရတယ်၊ နောက်ပြီးရွာထဲက မီးခိုးလုံးတွေ တက်လာတယ်၊ ရွာတွေ မီးရှို့ခံလိုက်ရတယ်လို့ပြောတယ် အဲဒါနဲ့သူတို့ရွာထဲကို မဝင်ရဲတော့ဘူး ဓားတစ်ချောင်းပလိုင်းတစ်ခုကိုယူပြီး ထွက်ပြေးလာကြတယ်လို့ ပြောတယ်ခင်ဗျ"
အဲဒီလို ထွက်ပြေးလာသူတွေဟာ ဘင်္ဂလားဒေရှ်နိုင်ငံ ဘန်ဒရိုဘန်ခရိုင် ရုံမော်မြို့နယ် ရမက်ကြီး ပြင်သာအုပ်စု(၇) စမ်းချောင်း (ဗုံ ခေါ် လင်းကြေးရွာ)မှာ လက်ရှိနေထိုင်နေကြပြီး ကလေးငယ်အယောက် ၅၀ ခန့်ဟာ အအေးမိပြီး အဖျားရောဂါနဲ့ အသက်အန္တရာယ် စိုးရိမ်နေရတယ်လို့ ဦးဝင်းသိန်းက ဆိုပါတယ်။
သူတို့ဟာ ချင်းပြည်နယ် ပလက်ဝမြို့နယ်က ခမောင်း၀ ရွာ နဲ့ ကင်းတလင်းအပါအဝင် စုစုပေါင်း ရွာ ၇ ရွာမှာ နေထိုင်ခဲ့သူတွေဖြစ်ကြောင်း RFA က စုံစမ်းသိရှိရပါတယ်။
တပ်မတော် သတင်းအမှန်ပြန်ကြားရေးအဖွဲ့ဝင် ဗိုလ်မှုးကြီးဇော်မင်းထွန်းက တပ်မတော်အနေနဲ့ နယ်မြေရှင်းလင်းရေး ဆောင်ရွက်ခဲ့ပေမဲ့ ရဟတ်ယာဉ် အသုံးပြုမှုနဲ့ ရွာမီးရှို့မှုတွေ မရှိပါဘူးလို့ RFA ကိုပြောပါတယ်။
"နယ်မြေရှင်းလင်းမှု မလုပ်တာတော့ မဟုတ်ဘူး လုံခြူံရေးအရ လုပ်တာတွေတော့ရှိတယ် ထိတွေ့မှုမရှိတာ ကလည်း ၂ရက်လောက်ရှိပြီ ရဟတ်ယာဉ်သုံးတယ်ဆိုတာကလည်း မဟုတ်ဘူး ရွာတွေကို မီးရှို့တယ်ဆိုတာ ကလည်း မဖြစ်နိုင်ပါဘူးခင်ဗျ၊ ကျွန်တော်တို့ ထိတွေ့မှုမရှိတာကလည်း ၂ရက်ရှိပြီလေ"
နေရပ်စွန့်ခွာလာတဲ့ စစ်ပြေးဒုက္ခသည်တွေကို ရခိုင့်တပ်မတော် AA က ဘင်္ဂလားဒေ့ရှ်မြန်မာ နှစ်နိုင်ငံ နယ်စပ်စည်းမျဉ်းအနီးကို လိုက်လံပို့ဆောင်ပေးခဲ့တယ်လို့ ဒုက္ခသည်တွေကို ကူညီပေးတဲ့အဖွဲ့စည်းတခုက ပြောပါတယ်။
အဲဒီကိစ္စနဲ့ပတ်သက်ပြီး ရခိုင့်တပ်မတော် AA ကပြောရေးဆိုခွင့်ရှိသူ ခိုင်သုခက RFA ကို အခုလိုပြောပါတယ်။
"ဗမာစစ်တပ်က လက်နတ်ကြီးနဲ့ထုလို့ သူတို့ထွက်ပြေးလာကြတာ ၂၂ ရက်လောက်ကနေ လကုန်လောက်ထိ သူတို့ကတောထဲမှာ ပုန်းအောင်းနေကြတယ်၊ အဲဒါနဲ့ ကျွန်တော်တို့ ရခိုင့်တပ်မတော်က ဒီနယ်စပ်အထိကို ကယ်ထုတ်လာတာ သူတို့အခု ဘင်္ဂလားဒေ့ရှ်ဘက်ကို ရောက်နေကြပြီ ဒီဘက်က လူမှုအဖွဲ့စည်းတွေကလည်း ကူညီနေကြပါတယ်"
လက်ရှိမှာ အဲဒီဒုက္ခသည်တွေဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့ ဝေးလံခေါင်ပါးပြီး သွားလာဆက်သွယ်ရေး ခက်ခဲတဲ့နေရာမှာ ရောက်ရှိနေပြီး စားသောက်နေထိုင်ရေးအတွက် ကူညီမယ့်လူမရှိဖြစ်နေတယ်လို့ သိရပါတယ် ။
မြန်မာအစိုးရ လူမှုကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးကို ဆက်သွယ်မေးမြန်းရာမှာ ဒီကိစ္စနဲ့ ပတ်သက်ပြီး သတင်းအပြည့်စုံကို သူမသိရှိရသေးကြောင်း RFA ကို ပြောပါတယ်။
"အဲကိစ္စက ပြည်နယ်အစိုးရကို မေးရင်ပိုကောင်းမယ် ကျွန်တော်ကလည်း အလုပ်များနေတော့ အဲကိစ္စတွေ မသိရှိရသေးဘူးခင်ဗျ၊ ကျွန်တော်သတင်းအစုံရမှ ဖြေမယ်၊ အခုက ကျွန်တော်ဘာမှကို မသိရှိရသေးဘူး"
ပြီးခဲ့တဲ့ဇန်နဝါရီလ (၄) ရက်နေ့ကစပြီး တပ်မတော်နဲ့ ရခိုင့်တပ်မတော် AA တို့ စတင်တိုက်ပွဲဖြစ်ခဲ့ရာမှာ စစ်ဘေးဒုက္ခသည်ပေါင်း ၅ထောင်ကျော်လောက်ဟာ ရခိုင်ပြည်နယ်မှာ နေရပ်စွန့်ခွာထွက်ပြေးနေကြရပြီး တချို့ကတော့ စစ်ဘေးရှောင်စခန်းတွေမှာ ရောက်ရှိနေကြပါတယ်။
ဖေဖေါ်ဝါရီလ ၃ ရက်နေ့နဲ့ ၄ ရက်နေ့က ရောက်ရှိလာတဲ့ ဒုက္ခသည်တွေကို ဘင်္ဂလားဒေ့ရှ်အစိုးရက လက်ခံထားကြောင်းနဲ့ အခုအချိန်ထိ ကူညီထောက်ပံ့မှုတွေ မရရှိသေးကြောင်းလည်း သိရပါတယ်။
ဒီသတင်းကို RFA သတင်းထောက် ကိုထက်အာက ပေးပို့တာပါ။