စစ်ဘေးဒုက္ခသည် လေးသောင်းနီးပါးရှိ
2019.05.07

ရခိုင်ပြည်နယ်မှာ စစ်ရေးအခြေအနေတွေကြောင့် စစ်ဘေးဒုက္ခသည်ဦးရေ ၃၈၀၀၀ ကျော်အထိရှိနေတယ်လို့ ရခိုင်တိုင်းရင်းသားမျိုးနွယ်များအစည်းအရုံး REC က ဒီနေ့ပြောလိုက်ပါတယ်။
ရသေ့တောင်နဲ့ ဘူးသီးတောင် ကားလမ်းမတစ်လျှောက်က ကျေးရွာတွေကို တပ်မတော်က ဝင်ရောက်စစ်ဆေးတာ၊ ကျေးရွာကို အဝင်အထွက်ပိတ်ပင်တာတွေကြောင့် လွန်ခဲ့တဲ့ ၅ ရက်လောက်ကစပြီး စစ်ဘေးသင့်ဒုက္ခသည်ဦးရေ ပိုများလာတာဖြစ်တယ်လို့ ရခိုင်တိုင်းရင်းသားမျိုးနွယ်များ အစည်းအရုံး REC ရဲ့အတွင်းရေးမှူး ဦးဇော်ဇော်ထွန်း က ပြောပါတယ်။
ကုလသမဂ္ဂလူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ညှိနှိုင်းရေးမှူးရုံး(UNOCHA) ထုတ်ပြန်ထားတဲ့စာရင်းမှာ ရခိုင်ပြည်နယ်မှာ ဧပြီလ ၂၁ ရက်နေ့အထိ စစ်ဘေးဒုက္ခသည်ဦးရေဟာ ၃၂၀၀၀ ဝန်းကျင်ရှိနေတာဖြစ်ပါတယ်။
နေ့စဉ်နဲ့အမျှ တိုးလာနေတဲ့ စစ်ဘေးသင့်ဒုက္ခသည်တွေနဲ့ပတ်သက်လို့ စားနပ်ရိက္ခာနဲ့ သောက်သုံးရေ လိုအပ်ချက်တွေ ရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒီသတင်းကို RFA သတင်းထောက် ကိုမင်းသိန်းအောင် ပေးပို့တာပါ။