သယံဇာတတွေကို ပြည်သူတွေ စီမံခွင့်ရဖို့ ရခိုင်မှာ ဆန္ဒပြမယ်


2016.10.07
rakhine-walk-620.jpg ရခိုင်သဘာဝသယံဇာတ၊ မြေယာပိုင်ဆိုင်ခွင့်နှင့် ကိုယ်ပိုင်ပြဌာန်းပိုင်ခွင့်ဆိုင်ရာ လူထုလမ်းလျှောက်ပွဲ ကြိုတင်ညှိနှိုင်း အစည်းအဝေးကို အောက်တိုဘာလ ၇ ရက်နေ့က စစ်တွေမြို့မှာ ပြုလုပ်စဉ်
Photo: Min Thein Aung/RFA

ရခိုင်ပြည်နယ်ထွက် သဘာဝသယံဇာတတွေကို ရခိုင်ပြည်သူတွေကိုယ်တိုင် စီမံခန့်ခွဲပိုင်ခွင့်နဲ့ အကျိုးခံစားခွင့် အပြည့်အဝရရှိရေးအတွက် ဒီလ ၃၀ ရက်နေ့မှာ စစ်တွေကနေ ကျောက်ဖြူမြို့ အထိ လူထုလမ်းလျှောက်ဆန္ဒပြပွဲ တစ်ခု ပြုလုပ်သွားဖို့ ရခိုင့်သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ကွန်ရက်က ဒီနေ့ ဆုံးဖြတ်လိုက်ပါတယ်။

ရခိုင်ပြည်နယ် ၁၇ မြို့နယ်က ကွန်ရက်မှာပါဝင်တဲ့ ကိုယ်စားလှယ် ၃၀ လောက်က စစ်တွေမြို့ မိုးကုတ်ကျောင်း တိုက်မှာ အစည်းအဝေးတစ်ရပ်ပြုလုပ်ပြီး ဆံုးဖြတ်လိုက်ကြတာဖြစ်ပါတယ်။

လူထုလမ်းလျှောက်ဆန္ဒပြပွဲကို စစ်တွေမြို့ကနေ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြောက်ဦး၊ အမ်း စတဲ့မြို့နယ်တွေ ကို ဖြတ်ပြီး ကျောက်ဖြူမြို့အထိ ၁၀ ရက်တာအတွင်း ဆောင်ရွက်မှာဖြစ်တယ်လို့ ရခိုင့်သယံဇာတနဲ့ သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာ ကွန်ရက်ရဲ့ ဦးဆောင်ကော်မတီဝင်တစ်ဦးဖြစ်သူ ဒေါ်ညိုအေး က ပြောပါတယ်။

ရခိုင်ပြည်သူတွေရဲ့တောင်းဆိုချက်တွေ မရမချင်း နည်းလမ်းအမျိုးမျိုးနဲ့ တောင်းဆိုမှုတွေကို ဆက်လက် ပြုလုပ်သွား မယ်လို့ ရခိုင့်သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ကွန်ရက်ရဲ့ ဦးဆောင်ကော်မတီဝင်တွေက ပြောပါတယ်။

ရခိုင်ပြည်နယ်ကထွက်ရှိတဲ့ သဘာဝသယံဇာတတွေကို ရခိုင်ပြည်သူတွေ အကျိုးခံစားခွင့် အပြည့်အဝရရှိဖို့နဲ့ ရခိုင်ပြည်သူတွေကိုယ်တိုင် စီမံခန့်ခွဲပိုင်ခွင့်ရရှိဖို့ ရခိုင်ပြည်နယ်အနှံ့က ဒေသခံတွေရဲ့ လက်မှတ်ပေါင်း ၃ သိန်းကျော်ကိုလည်း ပြည်ထောင်စုအစိုးရထံ မကြာခင်ပေးပို့သွားမယ်လို့လည်း ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။