လမ်းပြန်ပြင်ပေးဖို့ ကျောင်းသားလူငယ် ၁၀၀ ကျော် ဆန္ဒပြ

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်၊ လိပ်ခမှော် ကျေးရွာအုပ်စုမှာ ရွှေသဘာဝဓာတ်ငွေ့ စီမံကိန်းကြောင့် ပျက်စီးသွားတဲ့ လမ်းကို ပြန်လည် ပြုပြင်ပေးဖို့အတွက် ကျောင်းသားလူငယ် ၁၀၀ ကျော် မနေ့က ဆန္ဒပြခဲ့ကြပါတယ်။

2012.07.09

လိပ်ခမှော်ကျေးရွာအုပ်စုက ဂုံးချိန်ကျေးရွာ အ.ထ.က ကျောင်းကို သွားတဲ့ (၃) မိုင်လောက်ရှည်တဲ့ လမ်းကို ရွှေသဘာဝ ဓာတ်ငွေ့စက်ရုံ တည်ဆောက်ရေးအတွက် ကိုရီးယားနိုင်ငံက Daewooကုမ္ပဏီ၊ Hyundai ကုမ္ပဏီနဲ့ အိန္ဒိယပိုင် Tanjiliong ကုမ္ပဏီတို့က စက်ယန္တယားတွေ၊ ကားတွေ မောင်းနှင် အသုံးပြုနေတာကြောင့် လမ်းပျက်စီးသွားခဲ့တာကို ပြန်လည်ပြုပြင်ပေးဖို့ ကျောင်းသားတွေက အေးအေးချမ်းချမ်း ဆန္ဒပြကြတာပါလို့ ဂုံးချိန်ရွာသား ဦးသန္တာမောင်က ပြောပါတယ်။

"သဘာဝဓာတ်ငွေ့စက်ရုံ စီမံကိန်းကြောင့် ကားကြီးတွေ သွားတဲ့အတွက်ကြောင့် အဲဒီလမ်းဟာ ပျက်ဆီးသွားပါတယ်ခင်ဗျ။ အဲတာကို ဘယ်ကုမ္ပဏီမှလည်း လုပ်ပြီးမပေးသေးတဲ့ အပြင် နောက်ထပ် လမ်းတွေဟာ တောင်ကမ်းပါးယံတွေကို အိန္ဒိယ ကုမ္ပဏီတွေက ထိုးလိုက်တဲ့အတွက် မြေသားတွေ ပြိုကျုပြီး အကုန်လုံး လမ်းကို ဖုံးလွှမ်းသွားပါတယ်ခင်ဗျ။ အဲဒီလမ်းဟာ အရင်တုန်းက ဆိုရင် ထော်လာဂျီတို့၊ မော်တော်ကားတို့၊ မော်တော်ဆိုင်ကယ်တို့၊ စက်ဘီးတို့ အကုန်လုံး သွားလို့ ရတယ်ခင်ဗျ"

ကျောင်းသားတွေဟာ ကျောင်းဝတ်စုံတွေကို ဆင်တူဝတ်ဆင်ပြီး “လမ်းပြန်ပြုပြင်ပေးပါ၊ ကျောင်းသားတွေရဲ့လိုလားချက်တွေကို ဖြည့်ဆည်းပေးပါ" ဆိုတဲ့ စာသားတွေ ရေးထားတဲ့ ပိုစတာတွေ ကိုယ်စီကိုင်ဆောင်ပြီး ဆန္ဒပြ တောင်းဆိုခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။

ဆန္ဒပြတဲ့ ကျောင်းသားတွေဟာ လိပ်ခမှော်ရွာမ၊ လိပ်ခမှော်ရွာဟောင်း၊ ငလကျွန်း၊ ဂုံးချိန်နဲ့ ပြင်ရှည်ရွာတွေက အထက်တန်း၊ အလယ်တန်းနဲ့ အတန်းကြီး မူလတန်းကျောင်းသားများဖြစ်ပြီး ဆန္ဒပြပြီးတဲ့နောက် ကျောက်ဖြူခရိုင် အုပ်ချုပ်ရေးမှူး၊ ဗျူဟာမှူး၊ ခရိုင်ရဲမှူးတို့က ဆန္ဒပြရာ နေရာကို သွားရောက်ပြီး ဖြေရှင်း ပြောဆိုခဲ့တယ်လို့လည်း သိရပါတယ်။

အဲဒီလမ်းကို ပြန်လည်ပြုပြင်ပေးဖို့ ကျေးရွာသား ၂၈၀ လက်မှတ်ရေးထိုးပြီး ခရိုင်အုပ်ချုပ်ရေးမှူးဆီကို မကြာသေးမီက တင်ပြတောင်းဆိုထားပေမယ့် တစုံတရာ တုံ့ ပြန်မှု မရရှိတဲ့အတွက် ကျောင်းသားတွေက အခုလို ဆန္ဒပြခဲ့ကြတာ ဖြစ်တယ်လို့ သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။