မောင်တောမှာ RSO ရိုဟင်ဂျာအကြမ်းဖက်အဖွဲ့နဲ့ ပစ်ခတ်မှု တစ်ဦးကျဆုံး


2014.05.29
rakhinegate-305 ရခိုင်ပြည်နယ် နဲ့ ဘင်္ဂလားဒေ့ရှ် နယ်စပ်ခြံစည်းရိုး တစ်နေရာကို တွေ့ရစဉ်
Photo: Kyaw Kyaw Aung / RFA

ရခိုင်ပြည်နယ် မောင်တောမြို့နယ် မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ် မိုင်တိုင် ၅၂ အနီးမှာ မြန်မာနယ်ခြား စောင့် တပ်ဖွဲ့ဝင်တွေ နဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်က ဝင်ရောက် လာတဲ့ RSO ရိုဟင်ဂျာသွေးစည်း ညီညွတ်ရေး အကြမ်း ဖက်လက်နက်ကိုင်အဖွဲ့ဝင် ၅ ဦးတို့ မေလ ၂၈ ရက် မနေ့က တိုက်ပွဲထပ်မံဖြစ်ပွား ပြီး သောင်းကျန်းသူ ၁ ဦး သေဆုံးခဲ့ကြောင်း သတင်းရရှိပါတယ်။

မောင်တောနယ်စပ် ပေ ၈၀ အထိ ကျူးကျော်လာခဲ့တဲ့  RSO လက်နက်ကိုင်တွေ မနေ့မနက် ၉ နာရီ ခန့်မှာ ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး သောင်းကျန်းသူဘက်က ၁ ဦး ကျဆုံးကာ လက်နက် ၁ လက် သိမ်းဆည်းရ ခဲ့ကြောင်း မောင်တောမြို့နယ်ရဲတပ်ဖွဲ့မှူးရုံး အရာရှိက RFA ကို အတည်ပြုပြောပါတယ်။

"တစ်ယောက်ကျတယ် သေနတ်တစ်လက်ရတယ်ပေါ့နော်၊ ၅၂ နဲ့ ၅၃ ကြားမှာ တွေ့တဲ့အချိန်မှာ သူတို့အပြန် အလှန်ပစ်ရင်းကနေဖြစ်သွားတယ်လို့ သိရတယ်၊သူတို့က ဒီဘက် ခြံစည်းရိုးနားကို ကပ်လာတယ်၊ သူတို့က  ပေ ၁၅ဝ အတွင်းကိုဝင်လို့မရဘူး၊ ခြံစည်းရိုးကနေ ပေ ၁၅ဝ အတွင်းကို လာလို့မရဘူးဆိုတော့ ပေ ၁၅ဝ အပြင်ဘက်မှာပဲနေလို့ရတယ်၊ သွားလို့ရတယ်ပေါ့နော်"

မြန်မာဘင်္ဂလားဒေ့ရှ်နယ်စပ်မှာ အခု မေလအတွင်း RSO သူပုန်တွေ နဲ့ မြန်မာလုံခြုံရေးတပ်ဖွဲ့ဝင်တွေ တိုက်ပွဲမကြာ ခဏဖြစ်ပွားလာခဲ့ပါတယ်။

မေလ ၁၃ ရက်နေ့က မောင်တောမြို့နယ် မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်ခြားမှတ်တိုင် အမှတ် ၃၉  အနီး မှာ RSO လက်နက်ကိုင် ၁၀ ဦး နဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေ ထိပ်တိုက်တိုး တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး အကြမ်း ဖက်အဖွဲ့ဘက်က ၁ ဦးသေဆုံး ၁ ဦး ဒဏ်ရာရသွားခဲ့ပါတယ်။

မေလ ၁၇ ရက်နေ့ မနက်ပိုင်းကလဲ  မောင်တောနယ်စပ် မိုင်တိုင် အမှတ် ၅၂ အနီးမှာ RSO အကြမ်းဖက်သမားတွေ က လုံခြုံရေးတပ်ဖွဲ့ဝင်တွေကို တိုက်ခိုက်ခဲ့တဲ့အတွက် မြန်မာရဲတပ်ဖွဲ့က ရဲတပ်သား ၄ ဦးသေဆုံးခဲ့ပြီး ၁ ဦး ဒဏ်ရာရခဲ့ ပါတယ်။

အခုလို အကြမ်းဖက်သမားတွေရဲ့ တိုက်ခိုက်မှုတွေ ဆက်တိုက်ဖြစ်လာနေတာတွေနဲ့ ပတ်သက်ပြီး နယ်စပ်တလျှောက် လုံခြုံရေးတွေ တိုးမြှင့်ချထားသလို အကြမ်းဖက်အဖွဲ့တွေ မြန်မာ့နယ်မြေထဲကို ဝင်ရောက်တိုက်ခိုက်တဲ့ကိစ္စကို ဖြေ ရှင်းပေးဖို့အတွက်လည်း မြန်မာအစိုးရက ဘင်္ဂလားဒေ့ရှ်အစိုးရကို တောင်းဆိုထားပါတယ်။

ရခိုင်ပြည်နယ် မောင်တောမြို့နယ်မှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်က ဝင်ရောက်လာတဲ့  RSO ရိုဟင်ဂျာ သွေး စည်းညီ ညွတ်ရေး အကြမ်းဖက်အဖွဲ့နဲ့ မြန်မာလုံခြုံရေးတပ်ဖွဲ့တွေ မနေ့က တိုက်ပွဲ ထပ်မံဖြစ်ပွား မှုအခြေအနေနဲ့ မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ် ခြံစည်းရိုးကာရံနေမှု အခြေအနေတွေကို နယ်စပ်ခြံစည်းရိုးစီမံကိန်းက အမည်မဖော်လို သူ မြန်မာစစ်တပ်အရာရှိတစ်ဦးကို ဆက်သွယ်မေးမြန်းထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။