မြေပုံကထွက်ပြေးလာတဲ့ မွတ်စလင်ဒုက္ခသည်တွေ ကို ရေတပ်ဖမ်းဆီး
2014.08.28

ပြီးခဲ့တဲ့ သြဂုတ်လ ၂၆ ရက်နေ့က ရခိုင်ပြည်နယ် မြေပုံ မြို့ တောင်ပေါ်ဒုက္ခသည်စခန်းကနေ ပေါက်တော မြို့နယ်ကို ထွက်ပြေးလာတဲ့ မွတ်စလင်ဒုက္ခသည် ၁၀၀ကျော်ကို ပေါက်တောမြို့နယ် မှာရှိတဲ့ ရေတပ်က မနေ့က ဖမ်းဆီးလိုက်ပြီး မြေပုံမြို့တောင်ပေါ် ဒုက္ခသည်စခန်းကို ပြန်လည် ပို့ဆောင်လိုက်ပါတယ်။
တောင်ပေါ်ဒုက္ခသည်စခန်းကနေ ပေါက်တောမြို့နယ် ဆင်တက်မော်ဒုက္ခသည်စခန်းကို ညအချိန်မှာ စက်လှေနဲ့ခိုးထွက်ရာမှာ ဖမ်းဆီးခဲ့ တာဖြစ်ကြောင်း ပေါက်တော မြို့နယ် ရဲအရာရှိ တစ်ဦးက ပြောပါတယ်။
စစ်ဆေးမေးမြန်းချက်အရ မြေပုံမြို့ တောင်ပေါ် ဒုက္ခသည်စခန်း အနီးဝန်းကျင်မှာ ဝမ်းရေးအတွက် လုပ်ကိုင်စားသောက်ရမယ့်နေရာတွေမရှိဘဲ ပေါက်တောမြို့နယ် ဆင်တက်မော်ဒုက္ခသည်စခန်း အနီးမှာတော့ ချောင်းမြောင်းတွေမှာ ငါးရှာပြီးလုပ်ကိုင်စားသောက်လို့ရတာကြောင့် ထွက်ပြေးကြတာ လို့ ထွက်ဆိုကြောင်း ရဲအရာရှိက ပြောပါတယ်။
အဲ့ဒီမွတ်စလင်ဒုက္ခသည်တွေကို ပေါက်တောမြို့နယ် ကုန်တန်းမွတ်စလင်ကျေးရွာက အမျိုးသား ၆ ဦးက စက်လှေတစ်စီးနဲ့ ဦးဆောင်ခေါ်ယူခဲ့တာဖြစ်ပြီး အမျိုးသား ၆၀ ၊ အမျိုးသမီး ၂၀ ဦးနဲ့ ကလေး ငယ် ၃၄ ဦး စုစုပေါင်း ၁၁၄ ဦးတို့ ဖြစ်ကြောင်း သိရပါတယ်။
ဒီအကြောင်းနဲ့ပတ်သက်ပြီး ရခိုင်ပြည်နယ်ရဲတပ်ဖွဲ့ရုံးက ရဲမှူးကြီး မျိုးအောင်ကို မခင်ခင်အိ ဆက်သွယ်မေးမြန်း ထားတာကိုလည်း တဆက်တည်းနားဆင်နိုင်ပါတယ်။