မဆောက်လုပ်ဖြစ်တဲ့ စာသင်ကျောင်း ဘတ်ဂျက်ငွေတွေ အစိုးရထံ ပြန်အပ်မည်


2017.12.09
butheetaung-school-622.jpg ဘူးသီးတောင်မြို့နယ်မှ အခြေခံပညာအထက်တန်းကျောင်းတစ်ကျောင်းကို တွေ့ရစဉ်
Photo: Min Thein Aung/ RFA

ရခိုင်ပြည်နယ်မှာ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်အတွက် ပြည်နယ်အတွင်း တည်ဆောက်ခွင့်ရတဲ့ စာသင်ကျောင်း ၂၀၀ ထဲက မလိုအပ်လို့ဆိုပြီး ဆောက်လုပ်ခွင့် ရုပ်သိမ်းလိုက်တဲ့ ၃၅ ကျောင်းအတွက် တန်ဖိုးငွေကျပ် သန်း ၂၇၀၀ ကို ပြည်ထောင်စုအစိုးရထံ ပြန်လည်အပ်နှံမှာ ဖြစ်တယ်လို့ ပြည်နယ်ပညာရေးမှူး ဦးအောင်ကျော်ထွန်း က ဒီနေ့ ပြောပါတယ်။

လာမယ့်ဘဏ္ဍာနှစ်မှာ အဲဒီဘတ်ဂျက်ကို တစ်ခြားနေရာမှာ အသုံးပြုသွားမှာဖြစ်တယ်လို့ ရခိုင်ပြည်နယ် ပညာရေးမှူး ဦးအောင်ကျော်ထွန်းက ပြောပါတယ်။

"အဲဒီ ၃၅ ကျောင်းက ဆောက်ပြီးသားတွေဖြစ်နေတော့ ကျနော်တို့က တခြားကျောင်းတွေကို လွှဲဆောက်ဖို့ တင်ပြတယ်ပေါ့၊ အဲမှာ ဆောက်လုပ်ရေးမူအရဆိုပြီးတော့ လွှတ်တော်က ဆုံးဖြတ်ထားတာ ဆိုပြီးတော့ လွှတ်တော်က ဆုံးဖြတ်ထားတာဆိုပြီးတော့ ပြောင်းလို့မရဘူး၊ ပြန်အပ်ခိုင်းတယ်၊ လာမယ့်နှစ်မှာတော့ အဲကျောင်းတွေအစားလေ၊ ကျန်တဲ့ကျောင်းတွေကိုပေးမယ်၊ သန်း ၂၇၀၀ လောက် ရှိတယ်"

ရခိုင်ပြည်နယ်မှာ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်အတွက် ငွေလုံးငွေရင်း(တည်ဆောက်ရေး) ခေါင်းစဉ် ကနေ ကျောင်းပေါင်း ၂၀၀ တည်ဆောက်ခွင့် ရရှိထားတာ ဖြစ်ပါတယ်။

ပြည်နယ်ပညာရေးဦးစီးဌာနအနေနဲ့ ၂၀၁၇-၁၈ ဘဏ္ဍာနှစ်အတွက် ဆောက်လုပ်မယ့်ကျောင်းတွေကို ၂၀၁၆ ခုနှစ်ကတည်းက ကြိုပြီးတင်ပြကြရတာ ဖြစ်ပါတယ်။

အဲဒီ ၃၅ ကျောင်းကတော့ ၂၀၁၇-၁၈ ဘဏ္ဍာနှစ်အတွက် လျာထားစာရင်းထဲမှာ ပါဝင်ခဲ့ပေမယ့် ကြားကာလမှာ လိုအပ်ချက်အရ NGO/INGO တွေနဲ့ အလှူရှင်တွေက ဆောက်လုပ်ပေးလိုက်ပြီ ဖြစ်ပါတယ်။

ကျန်တဲ့ကျောင်းတွေကိုတော့ လက်ရှိအကောင်အထည်ဖော် ဆောက်လုပ်နေပြီဖြစ်ပြီး ကျောင်းတွေကို RC ၊ Steel Structure စတဲ့ပုံစံတွေနဲ့ ဒေသလိုအပ်ချက်အလိုက် ဆောက်လုပ်နေတာဖြစ်တယ်လို့ ရခိုင်ပြည်နယ် ပညာရေးမှူးရုံး ငွေစာရင်းဌာနက ဦးစီးအရာရှိ ဦးကျော်နိုင်က ပြောပါတယ်။

ရခိုင်ပြည်နယ် ၁၇ မြို့နယ်လုံးမှာရှိတဲ့ လိုအပ်တဲ့နေရာတွေမှာ မူလတန်း၊ အလယ်တန်းနဲ့ အထက်တန်းကျောင်းတွေ ကို လိုအပ်ချက်တွေအလိုက် ဆောက်လုပ်ပေးသွားမှာ ဖြစ်တယ်လို့လည်း ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။