စာသင်ကျောင်း ၄၀၀ ကျော် ရက်အကန့်အသတ်မရှိ ပိတ်ထား
2017.08.26

ရခိုင်ပြည်နယ် မောင်တော၊ ဘူးသီးတောင်၊ ရသေ့တောင်မြို့နယ်တွေမှာ မနေ့ကစတင်ခဲ့တဲ့ အစွန်းရောက် အကြမ်းဖက်သမားတွေရဲ့ တိုက်ခိုက်မှုတွေကြောင့် စာသင်ကျောင်းပေါင်း ၄၀၀ ကျော်ကို ရက်အကန့် အသတ်မရှိ ပိတ်လိုက်ပါတယ်။
မောင်တောနဲ့ ဘူးသီးတောင်မှာ မြို့နယ်လုံးကျွတ်ပိတ်ထားရတာဖြစ်ပြီး ရသေ့တောင်မြို့နယ်မှာတော့ မေ ယုတောင်နဲ့နီးတဲ့ ကျောင်းပေါင်း ၂၀ လောက်ကိုပိတ်ထားတယ်လို့ ရခိုင်ပြည်နယ်ပညာရေး ညွှန်ကြားရေးမှူး ဦးအောင်ကျော်ထွန်းက ပြောပါတယ်။
မောင်တောမြို့ပေါ် ရပ်ကွက်အတော်များများမှာ ပစ်ခတ်သံတွေ အဆက်မပြတ်ကြားနေရပြီး ဈေးဆိုင်တွေကို ပိတ်ထားဆဲဖြစ်သလို မောင်တော၊ ဘူးသီးတောင်ကို ဆက်သွယ်ထားတဲ့ ကားလမ်းကိုလည်း ပိတ်ထားဆဲဖြစ် တယ်လို့ မြို့ခံတွေက ပြောပါတယ်။
ရခိုင်ပြည်နယ် မောင်တောမြို့ပေါ်မှာ အကြမ်းဖက်သမားတွေရဲ့ သေနတ်သံကြားတဲ့ နေရာအချို့ကို လုံခြုံရေး တပ်ဖွဲ့ဝင်တွေက သွားရောက်ရှင်းလင်းနေပြီး ညနေပိုင်းမှာ အခြေအနေအနည်းငယ် တည်ငြိမ်နေပြီ လို့ မောင်တောမြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးကျော်မြဝင်းက ပြောပါတယ်။
မြို့ပေါ်က နေရာအချို့လောက်မှာသာ အခုလို ပစ်ခတ်မှုတွေဖြစ်ပွားတာလို့လည်း သိရပါတယ်။
အကြမ်းဖက်တိုက်ခိုက်ခံရမှုကြောင့် နေရပ်စွန့်ခွာပြီး ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေကြရတဲ့ တိုင်းရင်း သားဒုက္ခသည်တွေရဲ့ အသက်အိုးအိမ်စည်းစိမ်လုံခြုံရေးကို အပြည့်အဝ ကာကွယ်ပေးဖို့ နိုင်ငံတော်အစိုးရကိုတိုက် တွန်းကြောင်း ရခိုင်အမျိုးသားပါတီ (ANP)က ကြေညာချက် တစ်စောင်ကိုလည်း ဒီနေ့ ထုတ်ပြန်လိုက်ပါတယ်။
မောင်တောမြို့ သာသနာ့ဗိမာန်နဲ့ လေးမိုင်စာသင်ကျောင်းတွေမှာ ရွှေရင်အေး၊ ခရေမြိုင်၊ ကင်းချောင်း၊ ဗောဓိကုန်း စတဲ့ကျေးရွာတွေက ထွက်ပြေးတိမ်းရှောင်လာသူတွေ ၇၀၀ လောက်ရှိနေပြီး မြို့နဲ့အလှမ်းဝေးတဲ့ ကျေးရွာတွေက တိုင်းရင်းသားတွေလည်း နီးစပ်ရာကို ထွက်ပြေးခိုလှုံနေကြရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒီနေ့ မနက်ပိုင်းက မောင်တောမြို့ မြို့သူကြီးရပ်ကွက်က ဘူးသီးတောင်မြို့ကို သွားတဲ့ကားလမ်းမပေါ်မှာ နေအိမ် အတွင်းကနေ ကြိုးတန်းပြီးထောင်ထားတဲ့ မိုင်းနှစ်လုံးကို သိမ်းဆည်းရမိခဲ့ပြီး အကြမ်းဖက်သမားတွေနဲ့ လုံခြုံရေးတပ်ဖွဲ့တွေအကြား အပြန်အလှန်ပစ်ခတ်ခဲ့ရတယ်လို့ နိုင်ငံတော်အတိုင်ပင်ခံရုံးက ထုတ်ပြန်ပါတယ်။
မောင်တောဒေသအတွက် တပ်မတော်အင်အားတွေကို ဒီနေ့ ထပ်မံပို့ဆောင်ပေးနေတယ်လို့ သိရပါတယ်။ တပ်မတော်နဲ့နီးစပ်သူတွေရဲ့ ပြောဆိုချက်တွေအရ တပ်မ ၉၉ က ဗျူဟာ တစ်ခုနဲ့ တပ်ရင်း ၃ ရင်း ကို မောင်တောဒေသကို ပို့ဆောင်နေတာလို့လည်း သိရပါတယ်။