အကြမ်းဖက် တိုက်ခိုက်မှုရှိနိုင်တဲ့အတွက် စစ်တွေ၊ ဘူးသီးတောင်၊ မောင်တောမှာ လုံခြုံရေးတိုးမြှင့်


2018.08.17
aungmyatmoe-rakhine-622.jpg ရခိုင်ပြည်နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး အောင်မြတ်မိုး ကို ၂ဝ၁၈ ခုနှစ် သြဂုတ်လ ၁၇ ရက်နေ့က တွေ့ရစဉ်
Photo: Min Thein Aung/RFA

ရခိုင်ပြည်နယ်မှာ အကြမ်းဖက်တိုက်ခိုက်မှုတွေ ထပ်မံဖြစ်ပွားလာနိုင်တယ်ဆိုတဲ့ သတင်းတွေ ရရှိထားတာကြောင့် စစ်တွေ၊ ဘူးသီးတောင်၊ မောင်တော အပါအဝင် မြို့နယ်တချို့မှာ ရဲတပ်ဖွဲ့နဲ့ တပ်မတော်တို့ ပူးပေါင်းပြီး လုံခြုံရေး တိုးမြှင့်ဆောင်ရွက်နေတယ်လို့ ရခိုင်ပြည်နယ် ရဲတပ်ဖွဲ့မှူးက ပြောပါတယ်။

စစ်တွေမြို့ ရခိုင်ပြည်နယ် ရဲတပ်ဖွဲ့မှူးရုံးမှာ ရဲမှူးကြီး အောင်မြတ်မိုးက သတင်းထောက်တွေနဲ့ တွေ့ဆုံရာမှာ အခုလို ပြောပါတယ်။

"လက်ရှိရက်ပိုင်းအတွင်းမှာရရှိတဲ့ နယ်စပ်သတင်းအရပေါ့နော်၊ ကျနော်တို့ ရခိုင်ပြည်နယ် စစ်တွေ မကဘူး၊ ကျန်တဲ့မြို့ငယ်လေးတွေမှာ မိုင်းထောင်ဖောက်ခွဲတိုက်ခိုက်မှုတွေ လုပ်လာနိုင်တယ်၊ ဒီနယ်စပ်ဒေသဖြစ်တဲ့ ဘူးသီးတောင်၊ မောင်တောဒေသမှာလည်း ဒုတိယအကြိမ် ပြန်လည်အကြမ်းဖက် တိုက်ခိုက်လာနိုင်တယ်ဆိုတဲ့ သတင်းတွေအရ မြန်မာနိုင်ငံရဲတပ်ဖွဲ့အပြင် တပ်မတော်နဲ့ ပူးပေါင်းပြီးတော့မှ လုံခြုံရေးအင်းအင်အားတွေ တိုးမြှင့်ပြီးတော့မှ လုပ်ဆောင်သွားမှာဖြစ်ပါတယ်"

ရဲတပ်ဖွဲ့က နေ့စဉ် နေ့ကင်း၊ ညကင်း၊ လှည့်ကင်းတွေနဲ့ လုံခြုံရေးဆောင်ရွက်နေသလို အခြေအနေ လိုအပ်ချက်အရ တပ်မတော်ကို အကူအညီတောင်းခံပြီး ပူးပေါင်းဆောင်ရွက်နေတာဖြစ်တယ်လို့လည်း ဆိုပါတယ်။

မောင်တောနယ်စပ်မှာ အကြမ်းဖက်သမားတွေ လူသစ်စုဆောင်းတာ၊ သင်တန်းတွေပေးတာ၊ လက်နက်ခဲယမ်းနဲ့ ရိက္ခာတွေစုဆောင်းနေတဲ့ သတင်းတွေလည်း ရရှိထားတယ်လို့လည်း ရခိုင်ပြည်နယ် ရဲတပ်ဖွဲ့မှူးက ပြောပါတယ်။

အခုလို တပ်မတော်နဲ့ပူးပေါင်းပြီး လုံခြုံရေးဆောင်ရွက်မှုတွေကို ဒီလကုန်အထိ တောက်လျှောက်ဆောင်ရွက်မှာဖြစ်ပြီး နောက်ထပ်ပြီးတော့လည်း လိုအပ်သလို ဆက်လက်ဆောင်ရွက်မှာဖြစ်တယ်လို့ ပြောပါတယ်။

ရခိုင်ပြည်နယ်မှာ အခုနှစ် ဇန်နဝါရီလကနေ သြဂုတ်လ ၁၆ ရက်နေ့ မနေ့ကအထိ ကာလတန်ဖိုး ကျပ်သန်းပေါင်း တစ်ထောင့်နှစ်ရာကျော်တန်ဖိုးရှိတဲ့ WY စိတ်ကြွဆေးပြားပေါင်း ၄၂ သိန်းကျော်နဲ့ ဆေးခြောက်တွေ ဖမ်းဆီးရမိခဲ့ပြီး လူဦးရေ အယောက် ၁၈ဝ ကျော်ကို အရေးယူထားတယ်လို့လည်း သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။