ရခိုင်ပြည်နယ် တိုက်ခိုက်မှု အမေရိကန် ပြင်းထန်စွာ ရှုတ်ချ
2017.08.25

ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ လုံခြုံရေးတပ်ဖွဲ့တွေကို တိုက်ခိုက်ခဲ့မှုအတွက် အမေရိကန်ပြည်ထောင်စု က ပြင်းထန်စွာ ပြစ်တင်ရှုတ်ချလိုက်ပါတယ်။ အမေရိကန်နိုင်ငံခြားရေးဌာနရဲ့ မနေ့က ထုတ်ပြန်ချက်မှာ အခုတိုက်ခိုက်မှုတွေကြောင့် အသက်ဆုံးပါးပြီး ထိခိုက်ဒဏ်ရာရခဲ့သူတွေနဲ့ မိသားစုတွေအတွက် ဝမ်းနည်းကြေကွဲရကြောင်းလည်း ဖေါ်ပြထားပါတယ်။
ဒါ့အပြင် မြန်မာအစိုးရနဲ့ လုံခြုံရေးတပ်ဖွဲ့တွေအနေနဲ့ ဒီတိုက်ခိုက်မှုအတွက် တာဝန်ရှိသူတွေကို ဖေါ်ထုတ်အရေးယူရေးနဲ့ အကြမ်းဖက်မှုတွေ ထပ်မံပေါ်ပေါက်ခြင်း မရှိအောင် တားဆီးရေးအတွက် လုပ်ဆောင်ရာမှာ တရားဥပဒေနဲ့ အညီ လူ့အခွင့်အရေးတွေနဲ့ အခြေခံ လွတ်လပ်ခွင့်တွေကို လေးစားကာကွယ်မယ်လို့ ယုံကြည်မျှော်လင့်ပါကြောင်းလည်း ပါရှိပါတယ်။
တဆက်တည်းမှာပဲ ကိုဖီအာနန် ဦးဆောင်တဲ့ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်ရဲ့ အစီရင်ခံစာမှာ ပါဝင်တဲ့ ထောက်ခံတင်ပြချက်တွေကို အကောင်အထည်ဖေါ်ဖို့ အင်မတန် အရေးကြီးတယ်ဆိုတာကို လက်ရှိအဖြစ်အပျက်တွေက ထင်ရှားစေကြောင်း၊ အဲဒီအကြံပြုချက်တွေကို အမြန်ဆုံး အကောင်အထည် ဖေါ်မယ်လို့ မြန်မာအစိုးရက ကတိပေးခဲ့တာကို ကြိုဆိုကြောင်းနဲ့ အဆိုပါ လုပ်ငန်းတွေအောင်မြင်ဖို့အတွက် အမေရိကန်ပြည်ထောင်စုအနေနဲ့ တတ်စွမ်းသမျှကူညီဖို့ ကမ်းလှမ်း ပါကြောင်း စသဖြင့် အမေရိကန် နိုင်ငံခြားရေးဌာန ရဲ့ သြဂတ် ၂၅ ရက်နေ့စွဲနဲ့ ထုတ်ပြန်ချက်မှာ ဖေါ်ပြထားပါတယ်။