ရခိုင်ကော်မရှင် တိုင်းရင်းသားတွေနဲ့ တွေ့မည်
2017.06.04

ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်အဖွဲ့ဝင်တွေဟာ ရခိုင်ပြည်နယ်က လယ်သမားတွေ၊ လူ နည်းစု တိုင်းရင်းသားမျိုးနွယ်စုတွေနဲ့ သွားရောက်တွေ့ဆုံမယ် လို့ ကော်မရှင်အဖွဲ့ဝင်တွေက ပြောပါတယ်။
ဒီကနေ့ညနေပိုင်းမှာ စစ်တွေမြို့ကို စတင်ထွက်ခွာမှာဖြစ်ပြီး ခရီးစဉ်ကတော့ မနက်ဖြန်မှာ စတင်မယ် လို့ ကော်မရှင်အဖွဲ့ဝင်တစ်ဦးဖြစ် တဲ့ ဒေါက်တာ ဒေါ်မြသီတာက ပြောပါတယ်။
“သံတွဲ၊ မြောက်ဦး ၊ ဟိုးတစ်ပတ်တွေတုန်းကတော့ ရမ်းဗြဲတို့ ကျောက်ဖြူတို့ရောက်တယ်၊ ဒီတခေါက်ကတော့ လယ်သမားတွေနဲ့ တစ်ခါမှစကားမပြောရသေးဘူး၊ လယ်ယာလုပ်ငန်းနဲ့ ပတ်သက်ပြီး လယ်သမားတွေရဲ့ခံစားချက် သူတို့ရဲ့လိုအပ်ချက်တွေ အဲဒါလေးတွေ နားထောင်မှာပါ၊”
အဲဒီခရီးစဉ်မှာ ကော်မရှင်ဥက္ကဌဖြစ်တဲ့ မစ္စတာ ကိုဖီအာနန် ပါဝင်မှာမဟုတ်ဘဲ ကော်မရှင် အဖွဲ့ဝင် အချို့သာ သွားရောက်မှာဖြစ်တယ်လို့ သိရပါတယ်။
ရခိုင်ပြည်နယ်ထဲမှာနေထိုင်ကြတဲ့ တိုင်းရင်းသားမျိုးနွယ်စုတွေဖြစ်ကြတဲ့ မြို၊ သက်၊ ခမီ၊ ဒိုင်း နက် စတဲ့ တိုင်းရင်းသားတွေ၊ လယ်သမားတွေ၊ တံငါလုပ်ငန်းလုပ်ကြ သူတွေ၊ အရပ်ဖက်လူမှု အဖွဲ့အစည်းတွေနဲ့ ရခိုင်ပြည်နယ်မှာ တာဝန်ထမ်းဆောင်နေကြတဲ့ အစိုးရဝန်ထမ်းတွေနဲ့ တွေ့ဆုံမှာ ဖြစ်ပါတယ်။
ဒီတစ်ခေါက်ခရီးစဉ်အနေနဲ့ စစ်တွေ၊ မြောက်ဦး၊ ကျောက်တော်နဲ့ သံတွဲမြို့တွေဆီသွားရောက်မှာဖြစ် ပြီး ခရီးစဉ်ကတော့ ၅ ရက် ကြာမြင့်မယ်လို့ သိရပါတယ်။
ကုလသမဂ္ဂအထွေထွေအတွင်းရေးမှုးချုပ် ကိုဖီအာနန်ဦးဆောင်တဲ့ ရခိုင်အကြံပေးကော်မရှင်ကို ပြီးခဲ့တဲ့ ၂၀၁၆ ခုနှစ် သြဂုတ်လ အတွင်းက စတင် ဖွဲ့စည်းခဲ့ တာဖြစ်ပြီး ကော်မရှင်ရဲ့ အပြီးသတ် အစီရင်ခံစာကို လာမယ့် သြဂုတ်လ နောက်ဆုံးထားပြီး တင်သွင်းရမှာဖြစ်ပါတယ်။
အပြီးသတ် အစီရင်ခံစာကို နိုင်ငံတော်သမ္မတထံ အချိန်မီ တင်ပြနိုင်ဖို့အတွက် ဒီတစ်ကြိမ် ရခိုင်ပြည်နယ်ခရီးစဉ်ဟာ နောက်ဆုံးအကြိမ်ဖြစ် နိုင်တယ်လို့ လည်း ကော်မရှင်အဖွဲ့ဝင်တွေက ပြောပါတယ်။
အပြီးသတ် အစီရင်ခံစာမတင်ပြမီ ကော်မရှင်ဥက္ကဌဖြစ်တဲ့ ကိုဖီအာနန်ကိုယ်တိုင်လည်း မြန်မာနိုင်ငံကို ထပ်မံလာရောက်ဦးမယ်လို့လည်း သိရပါတယ်။