ရခိုင်ကော်မရှင် ဘာသာရေးခေါင်းဆောင်တွေ နဲ့ တွေ့မည်
2017.05.07

ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ဟောင်း ကိုဖီအာနန်ဦးဆောင်တဲ့ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်အဖွဲ့ဟာ လာမယ့် မေလ ၈ ရက်နေ့မှာ ဗုဒ္ဒဘာသာ ဘုန်းတော်ကြီးတွေ မွတ်စလင်ဘာသာရေး ခေါင်းဆောင်တွေ နဲ့ တွေ့ဆုံဆွေးနွေးကြမယ်လို့ သိရပါတယ်။
ရခိုင်ပြည်နယ်အရေးကိစ္စအတွက် နှစ်ဖက်ဘာသာရေးခေါင်းဆောင်ကြီးတွေဆီက သြဝါဒခံယူမှာဖြစ်တယ်လို့ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်အဖွဲ့ဝင် ဒေါ်စောခင်တင့်က ပြောပါတယ်။
"၈ ရက်နေ့ကို ရှန်ဂရီလာဟိုတယ်မှာ ၂ နာရီကနေ ၃ နာရီအထိ တွေ့မှာပါ၊ ဗုဒ္ဒဘာသာဆရာတော် ကြီးတွေနဲ့ တွေ့မယ်၊ ပြီးတော့မှ မွတ်စလင်ဘက်က ဘာသာရေးဆရာကြီးတွေနဲ့ တွေ့မယ်၊ တစ်ဖွ့ဲ စီပေါ့နော်၊ ရခိုင်ပြည်အပေါ်မှာ ဘယ်လိုသုံးသပ်ကြမလဲဆိုတာ ဆရာတော်ဘုရားတွေဆီကနေ သြဝါဒ ခံယူမယ့် သဘောပါရှင့်"
ရခိုင်ပြည်နယ်ထဲမှာနေထိုင်ကြတဲ့ ရခိုင်တိုင်းရင်းသား ဗုဒ္ဒဘာသာဝင်တွေနဲ့ မွတ်စလင်တွေ ရှေ့ဆက် ဘယ်လိုနေထိုင်သင့်သလဲဆိုတာတွေကို ဆွေးနွေးကြဖို့ အကြံတောင်းယူတာလည်းဖြစ်တယ်လို့ ပြောပါတယ်။
အဲဒီကော်မရှင်ကို ပြီးခဲ့တဲ့နှစ် သြဂုတ်လ ၂၄ ရက်နေ့က ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ဟောင်း ကိုဖီ အာနန်နဲ့ ဦးဆောင်ဖွဲ့စည်းပေးခဲ့တာဖြစ်ပါတယ်။
ကော်မရှင်ရဲ့ ကြားဖြတ်အစီရင်ခံစာအနေနဲ့ ရခိုင်ပြည်နယ်အတွင်း လေ့လာတွေ့ရှိချက်တွေကို ပြီးခဲ့တဲ့ မတ်လ ၁၆ တင်သွင်းခဲ့ပါတယ်။
အဲဒီအစီရင်ခံစာမှာ ရခိုင်ပြည်နယ်မှာ လုံခြုံရေး တပ်ဖွဲ့ဝင်တွေက ကျူးလွန်ခဲ့တဲ့အမှုတွေကို စစ်ဆေးအရေးယူပေး ဖို့နဲ့ ရခိုင်ပဋိပက္ခကြောင့် ဒုက္ခစခန်းတွေမှာ နေထိုင်နေရသူတွေကို နေရာပြန်လည်ချထားပေးဖို့ စတာတွေ ပါဝင်ပါတယ်။
ကော်မရှင်ရဲ့ ကြားဖြတ်အစီရင်ခံစာတင်သွင်းပြီးနောက်ပိုင်းမှာ အစိုးရက ဒုက္ခစခန်း သုံးခုက ဒုက္ခသည်တွေ ကို နေရာပြန်လည်ချထားပေးဖို့ စီစဉ်နေပါတယ်။
ရခိုင်အကြံပေးကော်မရှင်ဟာ အပြီးသတ် အစီရင်ခံစာကို ဒီနှစ် သြဂုတ်လ ၂၄ ရက်နေ့ မတိုင်ခင်မှာ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်ကနေတဆင့် ပြည်ထောင်စုအစိုးရအဖွဲ့ကို တင်ပြရမှာဖြစ်ပါတယ်။