ပြည်နယ်ဝန်ကြီးတစ်ဦး တာဝန် ရပ်စဲရေး စစ်ဆေးဖို့ ကော်မတီဖွဲ့
2017.12.06

ရခိုင်ပြည်နယ်အစိုးရအဖွဲ့ စည်ပင်သာယာရေးဝန်ကြီး ဦးမင်းအောင်ဟာ ဥပဒေအရအပ်နှင်းထားတဲ့ တာဝန်တွေကို ကျေပွန်အောင် မထမ်းဆောင်တာကြောင့် နိုင်ငံတော်နဲ့ ပြည်သူလူထုရဲ့အကျိုးစီးပွားကို ထိခိုက်လို့ဆိုပြီး တာဝန် ကနေ ရပ်စဲပေးဖို့ တိုင်ကြားထားတဲ့ကိစ္စကို စုံစမ်းစစ်ဆေးဖို့ ပြည်နယ် လွှတ်တော် ဥက္ကဌ က အဖွဲ့ဝင် ၅ ဦးပါတဲ့ ကော်မတီတစ်ရပ်ကို မနေ့က ဖွဲ့စည်းတာဝန်ပေးလိုက်ပါတယ်။
ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ၁၇ ဦးက လွှတ်တော်ဥက္ကဌထံ ပြီးခဲ့တဲ့ နိုဝင်ဘာလ ၂၉ ရက်နေ့က တိုင်ကြားလိုက်တာဖြစ်တယ်လို့ မနေ့ကဖွဲ့စည်းလိုက်တဲ့ စုံစမ်းစစ်ဆေးရေးအဖွဲ့ဝင် သံတွဲမြို့နယ် မဲဆန္ဒနယ် အမှတ်(၂)က ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးနိုင်ကြွေအေး က ပြောပါတယ်။
"၂၉ ရက်နေ့က ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ၁၇ ဦးက ဝန်ကြီးတာဝန်ထမ်းဆောင်နေတဲ့ စည်ပင် သာယာရေးဝန်ကြီး ဦးမင်းအောင် သည် ပေးအပ်သောတာဝန်ကို ကျေပွန်ခြင်း မရှိသောကြောင့် လူထုမှာ ထိခိုက်နစ်နာရတယ်ဆိုပြီး လွှတ်တော်ကို စာတင်လိုက်တဲ့အတွက် မနေ့က အဖွဲ့ဖွဲ့တယ်၊ လွှတ်တော်က ဥက္ကဌရဲ့စာနဲ့ ကော်မတီကို ၅ ဦးနဲ့ ဖွဲ့စည်းတာပါ၊ ၅ ယောက်လေ တစ်ပါတီက တစ်ယောက်နှု်န်းပေါ့"
ရခိုင်ပြည်နယ်အစိုးရအဖွဲ့ စည်ပင်သာယာရေးဝန်ကြီး ဦးမင်းအောင်ကတော့ သူ့အပေါ်စွပ်စွဲ ပြစ်တင်ချက်တွေနဲ့ ပတ်သက်ပြီး မသိရသေးဘူးလို့ ပြောပါတယ်။
"ဖွဲ့စည်းပုံအခြေခံဥပဒေအရ စည်ပင်ဝန်ကြီးကို စွပ်စွဲပြစ်တင်ထားတယ်၊ စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့တယ်ဆိုတာလေးတွေ့ရတယ်၊ ဘယ်ဟာတွေကို စွပ်စွဲပြစ်တင်ထားတယ်ဆိုတာကို မသိရဘူးလေ၊ စွပ်စွဲပြစ်တင်ချက်တွေကို စုံစမ်းစစ်ဆေးရေးအဖွဲ့က လာပြီးတော့ ဘယ်အချက်ဆိုတာကို ပြောတဲ့အခါမှ ပြန်ပြီးတော့ ဖြေရှင်းပေးရမှာပေါ့၊ ပြီးရင်လွှတ်တော်မှာ သူတို့အစီရင်ခံစာတင်ပြီးရင် မဲခွဲဆုံးဖြတ်ရမှာပေါ့"
စုံစမ်းစစ်ဆေးရေးကော်တီမှာ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီက ဘူးသီးတောင်မြို့နယ် မဲဆန္ဒနယ် အမှတ် (၁) က ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးဇော်ဇော်မြင့်က အဖွဲ့ခေါင်းဆောင်ဖြစ်ပြီး ရခိုင်အမျိုးသား ပါတီ ANP နဲ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် NLD က ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် လေးဦးက အဖွဲ့ဝင်အဖြစ် ပါဝင်ပါတယ်။
စုံစမ်းစစ်ဆေးရေးအဖွဲ့အနေနဲ့ စွပ်စွဲပြစ်တင်ချက်ပါ အချက်အလက်တွေကို တည်ဆဲဥပဒေ၊ နည်းဥပဒေတွေနဲ့ အညီစစ်ဆေးပြီးတော့ လာမယ့် ဒီဇင်ဘာလ ၁၉ ရက်နေ့ နောက်ဆုံးထားပြီး လွှတ်တော်ဥက္ကဌထံ အစီရင်ခံစာ တင်ပြရမှာ ဖြစ်တယ်လို့ သိရပါတယ်။
ရခိုင်ပြည်နယ်အစိုးရသစ်လက်ထက်မှာ ပြည်နယ်ဝန်ကြီးတစ်ဦးကို အခုလိုတာဝန်ကနေ ရပ်စဲဖို့ တိုင်ကြားခံရတာ ပထမဆုံးအကြိမ် ဖြစ်ပါတယ်။
ဦးမင်းအောင်ဟာ ၂၀၁၅ ရွေးကောက်ပွဲမှာ တောင်ကုတ်မြို့နယ်မဲဆန္ဒနယ်ကနေ NLD ပါတီကိုယ်စားပြုပြီး ဝင်ရောက်ယှဉ်ပြိုင်ရာမှာ ရွေးချယ်တင်မြှောက်ခံခဲ့ရတာဖြစ်ပါတယ်။