ရိုဟင်ဂျာ သုံးနှုန်းမှု မစ္စတာ ဘန်ကီမွန်းကို ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ကန့်ကွက်


2014.11.13
bankimoon-utheinsein-305.jpg နေပြည်တော်မှာ နိုဝင်ဘာလ ၁၃ ရက်နေ့ကကျင်းပတဲ့ ၉ ကြိမ်မြောက် အရှေ့အာရှ ထိပ်သီးအစည်းအဝေးမှာ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဘန်ကီမွန်းနဲ့ သမ္မတ ဦးသိန်းစိန်ကို အတူတွေ့ရစဉ်
Photo: RFA

ရခိုင်ပြည်နယ်အတွင်းက မွတ်စလင်တွေကို နိုင်ငံတကာ အသိုင်းအဝိုင်းက ရိုဟင်ဂျာလူမျိုးလို့ ခေါ်ဝေါ်သုံးနှုန်း တာဟာ ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးနဲ့ ရခိုင်တိုင်းရင်းသားတွေနဲ့ မွတ်စလင်တွေအကြား နှစ်ဘက်ယုံကြည်မှု တည်ဆောက်ရေးအပေါ် ထိခိုက်စေကြောင်းနဲ့ ရိုဟင်ဂျာလို့ သုံးနှုန်းတာကို ကန့်ကွက်ကြောင်း ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးမောင်မောင်အုန်းက ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်းထံ ဒီနေ့ စာရေးသားပေးပို့လိုက်ပါတယ်။

ရခိုင်ပြည်နယ်အစိုးရအဖွဲ့ သတင်းထုတ်ပြန်ရေးကော်မ တီ ဥက္ကဌ ဦးလှသိန်းက ရိုဟင်ဂျာလို့ ခေါ်ဝေါ်သုံးစွဲ လိုက်တဲ့အတွက် နှစ်ဘက်လူ့အဖွဲ့အစည်းအကြား မှာ ပြဿနာတွေမဖြစ်ပေါ်ဖို့ စောင့်ကြည့်နေရတယ်လို့ စစ်တွေမြို့မှာ သတင်းထောက်တွေနဲ့ တွေ့ဆုံပြီးပြော ပါတယ်။

"ရိုဟင်ဂျာလို့ အသံလွှင့်ဌာနတွေ စာစောင်တွေမှာ စကားလုံးတစ်လုံးပါလိုက်တိုင်း ကျနော်တို့ ရခိုင်ပြည်နယ်ရဲ့ တည်ငြိမ်အေးချမ်းရေးကို ရှေ့ဆက်သွားဖို့အတွက် အင်မတန်ကြီးကျယ်တဲ့ အနှောင့်အယှက်တွေဖြစ်တယ်လို့ ကျနော်တို့အနေနဲ့ ပြောကြားလိုပါတယ်၊ အဓိကအားဖြင့် ဖြစ်ပြီးတဲ့ပဋိပက္ခကို နောက်တခါမပေါ်အောင်၊ မဖြစ်လာအောင် ကျနော်တို့ တည်ငြိမ်အေးချမ်းရေးကိုလုပ်ပါတယ်၊ ဒီရိုဟင်ဂျာဆိုတဲ့ စကားတစ်ခုဖြစ်လာတဲ့ အတွက်ကြောင့် အထူးသဖြင့် ဒီဒေသမှာ မှီတင်းနေထိုင်တဲ့ ရခိုင်လူမျိုးတွေရဲ့ရင်ထဲမှာ ဒါဒေါသကိုပေါက်ကွဲစေ ပြီးတော့ ဘယ်နေရာက ဘယ်ပြဿနာဖြစ်လာမလဲလို့ ကျနော်တို့ပြည်နယ်အစိုးရက ဒီနေ့အချိန်မှာ စိုးရိမ်တကြီး နဲ့ စောင့်ကြည့်ရတဲ့ အနေအထားရောက်နေပါပြီ"

ကုလသမဂ္ဂရဲ့ အထွေထွေအတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်းက မနေ့က နေပြည်တော်မှာပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ရခိုင်ပြည်နယ်အတွင်းက မွတ်စလင်တွေကို ရိုဟင်ဂျာလို့ ဆက်လက်ခေါ်ဝေါ် သွားမယ်လို့ ပြောဆိုခဲ့တာဟာ ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေနိုင်တဲ့ အချက်တစ်ခုဖြစ် တယ်လို့လည်း ပြောပါတယ်။

မစ္စတာ ဘန်ကီမွန်းရဲ့ ပြောဆိုချက်တွေဟာ ရခိုင်ဒေသအတွင်းမှာ အကူအညီပေးနေတဲ့ ကုလသမဂ္ဂအဖွဲ့ အစည်းတွေနဲ့ ဒေသခံ ရခိုင်တိုင်းရင်းသားတွေအကြားမှာ ယုံကြည်မှုပျက်ပြားစေတဲ့အတွက် မစ္စတာ ဘန်ကီမွန်း အနေနဲ့ ရိုဟင်ဂျာလို့ ပြောဆိုသုံးနှုန်းတာတွေကို ပြန်လည်ရုပ်သိမ်းဖို့ လိုအပ်တယ်လို့လည်း ရခိုင်ပြည်နယ်အစိုးရအဖွဲ့ သတင်းထုတ်ပြန်ရေးကော်မတီ ဥက္ကဌ ဦးလှသိန်းက ပြောပါတယ်။

ကုလသမဂ္ဂအတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်းက ဘင်္ဂါလီဆိုတဲ့ အမည်ကို မြန်မာအစိုးရဘက်က သုံးနှုန်းစေချင်ပေမယ့် ကုလသမဂ္ဂရဲ့ လူနည်းစုအခွင့်အရေး စံနှုန်းတွေအရ ရိုဟင်ဂျာဆိုတဲ့ အမည်ကို သုံးတာဖြစ် တယ်လို့ ပြောခဲ့ပေမယ့် နိုင်ငံတစ်နိုင်ငံရဲ့ အချုပ်အချာအာဏာပိုင်က သတ်မှတ်ထားတဲ့အခေါ်အဝေါ်ကို လေးစား အသိအမှတ်ပြုဖို့လိုတယ်ဆိုတဲ့ ထောက်ပြချက်တွေလည်းရှိနေပါတယ်။ ဒါနဲ့ပတ်သက်လို့ RFA အဖွဲ့သူ မသင်းသီရိ တင်ပြထားတာ နားဆင်နိုင်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။