ရခိုင်မှာ ပြည်သူ့စစ်ဖွဲ့စည်းမယ်ဆိုတာ အစိုးရရဲ့မူဝါဒ မဟုတ်ကြောင်း ငြင်းဆို


2017.08.16
zawhtay-622.jpg နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးကို တွေ့ရစဉ်
Photo: Thiha Tun/RFA

ရခိုင်ပြည်နယ်မှာ ပြည်သူ့စစ်ဖွဲ့စည်းမယ်ဆိုတဲ့သတင်းတွေထွက်ပေါ်နေတာ အစိုးရရဲ့ မူဝါဒ မဟုတ်ဘူးလို့ နိုင်ငံတော် သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေး က ငြင်းဆိုလိုက်ပါတယ်။

ရခိုင်ပြည်နယ်မှာ အကြမ်းဖက်လုပ်ရပ်တွေ တိုးမြှင့်လုပ်ဆောင်နေတဲ့အပေါ် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ တပ်မတော်တို့ ညှိနှိုင်းပြီး တပ်မတော် တပ်ရင်းအဖွဲ့တွေနဲ့ နယ်ခြားစောင့်ရဲတွေ ပူးပေါင်းပြီး မေယုတောင် စိုးမိုးရေး စစ်ရေးဆိုင်ရာဆောင်ရွက်ချက်တွေ လုပ်ဆောင်နေတယ်လို့ ဦးဇော်ဌေး က သမ္မတအိမ်တော် သတင်းထောက်တွေထံ တယ်လီဖုန်းနဲ့ မက်ဆေ့ချ် ပေးပို့လိုက်တာဖြစ်ပါတယ်။

ဒါ့အပြင် NLD အစိုးရ စတင်တာဝန်ယူချိန်ကစပြီး ရခိုင်ပြည်နယ်မှာ ပြည်သူ့စစ်ဖွဲ့စည်းသွားဖို့ မရှိကြောင်း ပြောကြားထားပြီး ဖြစ်တယ်လို့လည်း ပါရှိပါတယ်။

မောင်တောဒေသကို ကာကွယ်ဖို့ ရခိုင်ပြည်နယ်မှာ ပြည်သူ့စစ်တွေဖွဲ့စည်းပြီး ရခိုင်ပြည်သူတွေကို စစ်ဘက်ဆိုင်ရာ သင်တန်းတွေပေးသွားဖို့ရှိတယ်လို့ စစ်တွေမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဦးစံရွှေကျော်က ပြောကြား ခဲ့တယ်ဆိုပြီး မနေ့က သတင်းမီဒီယာတချို့မှာ ဖော်ပြခဲ့ကြတာ ဖြစ်ပါတယ်။

ဦးစံရွှေကျော် က သူ့အနေနဲ့ အစိုးရက ပြည်သူ့စစ်တွေဖွဲ့စည်းမယ်လို့ မပြောခဲ့ကြောင်းနဲ့ သူ့အမြင်ကိုသာ ပြောခဲ့တာဖြစ်ကြောင်း RFA ကို ပြောပါတယ်။

"ကျနော်တို့က ပြည်သူထဲက ပြည်သူဖြစ်တော့ အစိုးရလုပ်နေတာတွေကိုလည်း လက်ခံတယ်၊ ပြည်သူ့စစ်ပုံစံ ဖွဲ့မယ်ဆိုလည်း ဝမ်းသာရမှာပဲ ဆိုပြီးပြောတာ၊ ကျနော်က ဖွဲ့မယ်ဆိုပြီးပြောတာမဟုတ်ဘူး၊ ဖွဲ့မယ်ဘာမယ်ဆိုပြီး အစိုးရဆီက သိရတာမျိုးမဟုတ်ဘူး။ ပြည်သူတွေက ဆန္ဒထုတ်ဖော်ပွဲတွေ လုပ်တယ်ဆိုတော့ ကျနော်ကလည်း ပြည်သူထဲက ပြည်သူဆိုတော့ အားပါပြီး ပြောတဲ့သဘောပဲ"

ပြီးခဲ့တဲ့ သြဂုတ်လ ၁၃ ရက်နေ့က ရခိုင်ပြည်နယ် မြို့နယ် ၁၅ ခုမှာ ပြည်နယ်လုံခြုံရေးအတွက် ပြည်သူ့စစ် ဖွဲ့စည်းပေးဖို့ တောင်းဆိုတဲ့ ဆန္ဒပြပွဲတွေကို တပြိုင်တည်းကျင်းပခဲ့ကြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။