ရခိုင်က မြို့ဝင်ကြေးကောက်တဲ့ ဂိတ်တွေ ဖျက်သိမ်းမည်


2017.05.22
kyout-taw-gate-620.jpg ရခိုင်ပြည်နယ် ကျောက်တော်မြို့ဝင်ဂိတ်တစ်နေရာကို တွေ့ရစဉ်
Photo: Min Thein Aung/ RFA

ရခိုင်ပြည်နယ်က မြို့ဝင်ကြေးကောက်ခံတဲ့ ဂိတ်တွေအားလုံးကို လာမယ့်ဇွန်လ ၁ ရက် နေ့ကနေစတင်ပြီး ဖျက်သိမ်းသွားမယ်လို့ ရခိုင်ပြည်နယ်အစိုးရအဖွဲ့က ဒီနေ့ပြောပါတယ်။

ပြည်သူတွေ ဝန်ထုပ်ဝန်ပိုးဖြစ်နေတာကို လျှော့ချတဲ့အနေနဲ့ ဖျက်သိမ်းဖို့ ဆုံးဖြတ်ခဲ့တာလို့ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ စည်ပင်သာယာရေးဝန်ကြီး ဦးမင်းအောင် ကပြောပါတယ်။

"၂၀၁၇-၂၀၁၈ စည်ပင်သာယာရေး လိုင်စင်ထဲမှာပါတဲ့ ကားတွေ၊ ဆိုင်ကယ်တွေ၊ ဆိုဒ်ကားတွေ မြို့ဝင်ကြေးပေး ရတာရှိတယ်၊ အဲဒါတွေက ပြည်သူတွေရဲ့ ဝန်ထုပ်ဝန်ပိုးဖြစ်လာတယ်၊ ဒါကို ဇွန်လ ၁ ရက်နေ့က ဖျက်သိမ်းလိုက် တာဖြစ်တယ်"

ပြီးခဲ့တဲ့နှစ်က ပြည်ထောင်စုအစိုးရ လမ်းပန်းဆက်သွယ်ရေးဝန်ကြီးဌာနရဲ့ အမိန့်နဲ့ ရခိုင်ပြည်နယ် အတွင်းက လမ်းအသုံးပြုခကောက်ခံတဲ့ ဂိတ်တွေကို ဖျက်သိမ်းခဲ့ပြီး အခု ဒုတိယခြေလှမ်းအဖြစ် ရခိုင်ပြည်နယ်အစိုးရရဲ့ အစီအစဉ်နဲ့ မြို့ဝင်ကြေးကောက်ခံတဲ့ လုပ်ငန်းလိုင်စင်တွေကို ဖျက်သိမ်းတာဖြစ်တယ် လို့လည်း ပြောပါတယ်။

၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်အတွက် စစ်တွေ၊ ပုဏ္ဏားကျွန်း၊ ဘူးသီးတောင်၊ ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ ပေါက်တော၊ ကျောက်ဖြူ၊ ဂွ၊ တောင်ကုတ်၊ သံတွဲ၊ အမ်း၊ မအီ စတဲ့ မြို့နယ်တွေမှာ ဆောင်ရွက်နေတဲ့ မြို့ဝင်ကြေးလုပ်ငန်းလိုင်စင် စုစုပေါင်း ၁၉ ကို လေလံကြေး ကျပ်သိန်း ၉၄၀ ကျော်နဲ့ ခွင့်ပြုထားခဲ့တာ ဖြစ်ပါတယ်။

ဖျက်သိမ်းတော့မယ့် လုပ်ငန်းလိုင်စင်ကြေးနဲ့ ဒေသဖွံဖြိုးရေးအတွက် လျာထားတဲ့လုပ်ငန်းတွေကိုတော့ ပြည်နယ် အစိုးရ ရန်ပုံငွေနဲ့ ဖြည့်စွက်ဆောင်ရွက်မှာဖြစ်ပြီး နောက်နှစ်တွေမှာလည်း စည်ပင်သာယာရေးလိုင်စင် C အချို့ကို ဖျက်သိမ်းသွားမှာဖြစ်တယ်လို့ ဝန်ကြီး ဦးမင်းအောင်ကပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။