ကယားပြည်နယ်မှာ ဘီးခွန်ကောက်တဲ့ ဝါးတားဂိတ်တွေ ဖျက်သိမ်းမယ်
2017.03.17

ကယားပြည်နယ်မှာ ပုဂ္ဂလိက ကုမ္ပဏီတွေကို လေလံပေးပြီး ဘီးခွန် ကောက်ခံစေတဲ့စနစ်ကို တစ်ပြည်နယ်လုံး အတိုင်းအတာနဲ့ ဖျက်သိမ်းသွားမှာဖြစ်တယ်လို့ လွိုင်ကော်မြို့နယ် စည်ပင်သာယာရေး ကော်မတီက ပြောပါတယ်။
လက်ရှိ ဘီးခွန်ကောက်ခံနေတဲ့ ဝါးတားဂိတ်တွေကို လာမယ့်ဧပြီလ တစ်ရက်နေ့မှာ စတင်ဖျက်သိမ်းသွားမှာဖြစ်ပြီး ယာဉ်လိုင်စင်သက်တမ်းတိုးချိန်မှာ ဘီးခွန် တစ်ခါတည်း ဆောင်ခိုင်းဖို့ စီစဉ်နေတယ်လို့ လွိုင်ကော်မြို့နယ် စည်ပင်သာယာရေးကော်မတီ လက်ထောက်ညွန်ကြားရေးမှူး ဦးသန်းထွန်း က ပြောပါတယ်။
"၂ဝ၁၇ ခုနှစ် မတ်လ ၃၁ ရက်နေ့ကစပြီး သူတို့ရဲ့သက်တမ်း ၃၁ ရက်ရှိတာအတွက် ၃၁ ရက်နေ့ မိုးချုပ်ကစပြီး ဖျက်သိမ်းမှာဖြစ်ပါတယ်၊ ဧပြီလ ၁ ရက်နေ့ကပြီး ဝါးတားဂိတ်တွေ မရှိတော့ပါဘူး"
ယာဉ်သက်တမ်းတိုးမယ့်သူတွေအနေနဲ့ စည်ပင်သာယာရေးဌာနကို အာမခံကြေး၊ ဘီးခွန်စတာတွေ ပေးဆောင်ပြီး တဲ့ အထောက်အထားပါရှိမှ ယာဉ်သက်တမ်းတိုးခွင့် ရရှိမှာဖြစ်တယ်လို့ဆိုပါတယ်။
လက်ရှိဘီးခွန်ကောက်ခံတဲ့ စနစ်အရ ဂိတ်တစ်ဂိတ်ကို ဖြတ်သန်းတိုင်း ဆိုင်ကယ်တစ်စီးကို ငွေကျပ် ၂၀၀ နဲ့ ကားတစ်စီးကို အမျိုးအစားအလိုက် ငွေကျပ် ၃၀၀ ကနေ ၁၀၀၀ အထိ ပေးနေရတာဖြစ်ပါတယ်။
ပြောင်းလဲမယ့်စနစ်အရ ဆိုင်ကယ်တစ်စီးအတွက် တစ်နှစ်စာ ဘီးခွန်အဖြစ် ငွေကျပ် ၃၀၀၀ ပေးရမှာဖြစ် ပြီး မော်တော်ကားတွေကတော့ ကားအမျိုးအစားအလိုက် တစ်နှစ်ကို ငွေကျပ် ၅၀၀၀ ကနေ ၂၀၀၀၀ အထိ ပေးသွင်းရမှာ ဖြစ်ပါတယ်။
ကယားပြည်နယ်မှာ အရင် စိုးရတွေ လက်ထက်ကတည်းက လမ်းလေလံဆွဲတဲ့စနစ်ကို ကျင့်သုံးလာတာဖြစ် ပြီး လေလံအောင်တဲ့ ကုမ္ပဏီတွေက ဘီးခွန် ကောက်ခံတဲ့စနစ်ကို ကျင့်သုံးလာတာဖြစ်ပါတယ်။
အဲဒီစနစ်ကို ပြည်သူတွေအနေနဲ့ ကြိုက်နှစ်သက်မှု မရှိတဲ့အတွက် အခုလို ပြောင်းလဲရတာ ဖြစ်တယ်လို့ သက်ဆိုင် ရာတာဝန်ရှိသူတွေက ပြောပါတယ်။
လက်ရှိဘဏ္ဍာနှစ်မှာ ကယားပြည်နယ်တစ်ခုလုံး အတွက် ဘီးခွန်ကြေးကောက်ခံခွင့်ကို ကျပ်သိန်းငါးရာကျော်နဲ့ အရင်အစိုးရက လေလံပေးခဲ့ တာဖြစ်ပြီး ဒီလ ၃၁ ရက်နေ့မှာ သက်တမ်းကုန်ဆုံးမှာဖြစ်တယ်လို့သိရပါတယ်။