ရခိုင်ရိုးရာ နံ့သာသွေးပွဲနဲ့ ဘုရားရေသပ္ပာယ်ပွဲ ကျင်းပ
2016.04.11

ရခိုင်ရိုးရာ သြင်္ကန်ဓလေ့အရ သြင်္ကန်ရေမစကားမီ ကျင်းပလေ့ရှိတဲ့ နံ့သာသွေးပွဲနဲ့ ဘုရားရေသပ္ပာယ်ပွဲ ကို ရန်ကုန်မြို့ ရွှေတိဂုံဘုရား အရှေ့ဘက်မုဒ် မှာရှိတဲ့ ရခိုင်ဓမ္မာရုံမှာ ကျင်းပခဲ့ပါတယ်။
ရခိုင်ရှေးဘုရင်တွေ လက်ထက်ကစပြီး နှစ်ပေါင်းများစွာ ကြာအောင်ထိန်းသိန်းလာခဲ့တဲ့ ရိုးရာဓလေ့တစ်ခုဖြစ် တာကြောင့် ဂုဏ်ယူစရာကောင်းတယ်လို့ ဒီနေ့အခမ်းအနားကို တက်ရောက်လာတဲ့ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် ဥက္ကဋ္ဌ ဦးတင်မောင်ထွန်းက ပြောပါတယ်။
"မြတ်စွာဘုရားကို ရေသပ္ပာယ်တဲ့အခါမှာ ပွဲလုပ်တဲ့အတွက်ကြောင့်မို့ ဒီဥစ္စာဟာ အရမ်းကုသိုလ်ရတဲ့ ပွဲလေးလည်းဖြစ်ပါတယ်၊ ဒါကလည်း ရခိုင်လူမျိုးတွေရဲ့ ယဉ်ကျေးမှု ရှေးဘိုးဘွားတွေရဲ့ အစဉ်အလာကို အခုလက်ရှိလူကြီးတွေ လူငယ်တွေ အားလုံးစုပေါင်းထိန်းသိမ်းပြီးတော့ အခုအချိန်အထိ အကောင် အထည်ဖော်နေတာဟာ ကျနော်တို့ရဲ့ ရိုးရာမပျောက်ပျက်အောင် ထိန်းသိမ်းစောင့်ရှောက်တာဖြစ်ပါတယ်"
ဒီနံ့သာသွေးပွဲကို ရခိုင်တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးဋ္ဌာန နဲ့ ရခိုင်အသင်းအဖွဲ့တွေ ဦးဆောင်ကျင်းပတဲ့ ဒီ ၁၃ ကြိမ်မြောက် ရခိုင်ရိုးရာ နံ့သာသွေးပြိုင်ပွဲကို ရခိုင်အမျိုးသမီးအဖွဲ့ ၁၄ ဖွဲ့က ဝင်ရောက်ယှဉ်ပြိုင်ကြပါတယ်။
ရခိုင်ရိုးရာ နံ့သာသွေးပွဲမှာ အပျိုမိန်းကလေးတွေသာ ပါဝင်ယှဉ်ပြိုင်ခွင့်ရှိတာလဲ ရိုးရာဓလေ့တစ်ခုဖြစ်ပြီး ဆုချီးမြှင့်တဲ့ စည်းကမ်းချက်တွေ အများအပြားထဲမှာ ရုပ်ရည်သန့်ပြန့်မှု၊ ဝတ်စားဆင်ယဉ်မှု၊ သပ်ရပ်မှု၊ စနစ်ကျမှု၊ လျင်မြန်မှုတွေ ကလည်း အရေးပါတဲ့အချက်တွေ ဖြစ်ပါတယ်။
ဒီနေ့ ရိုးရာနံ့သာသွေးပွဲကရရှိလာတဲ့ အမွှေးနံ့သာတွေနဲ့ မနက်ဖြန် ဘုရားရေသပ္ပာယ်မှာဖြစ်ပြီး ရခိုင်ရိုးရာ သြင်္ကန်ပွဲတော်ကိုလည်း ရန်ကုန်မြို့ သုဝဏ္ဏအားကစားကွင်းမှာ ပြုလုပ်သွားမှာဖြစ်ပါတယ်။