ရခိုင်ပြည်နယ်ပဋိပက္ခမှာ နိုင်ငံတကာဥပဒေကို လိုက်နာဖို့ ကုလတိုက်တွန်း


2019.05.14
dassk-arsular-mueller-622 နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ ကုလသမဂ္ဂလူသားချင်းစာနာထောက်ထားမှုရေးရာညှိနှိုင်းရေးရုံး UNOCHA အရေးပေါ်ကယ်ဆယ်ရေးဆိုင်ရာ ဒုတိယညှိနှိုင်းရေးမှူး Ms. Ursula Mueller တို့တွေ့ဆုံစဉ်။
Photo: mofamyanmar

ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ လက်ထောက်အတွင်းရေးမှူးချုပ် မစ္စ မြူလာက မြန်မာနိုင်ငံတဝန်း နေရပ်စွန့်ခွာတိမ်းရှောင်နေရသူ ၂၇ဝ,ဝဝဝ ကျော်အတွက် နိုင်ငံတော်အစိုးရက မဟာဗျူဟာချမှတ် ဆောင်ရွက်နေတာကို ကြိုဆိုကြောင်း အဲဒီလို ဖြစ်ခဲ့ရတဲ့ အကြောင်းရင်းတွေကို ဖြေရှင်းဖို့လိုကြောင်းနဲ့ အဲဒီ နေရပ်စွန့်ခွာရသူတွေ နေထိုင်ရတဲ့ ဒုက္ခသည်စခန်းတွေကို ပိတ်သိမ်းတဲ့အခါမှာ လွပ်လပ်စွာ သွားလာနိုင်ဖို့အပြင် အလုပ်အကိုင်နဲ့ တခြားဝန်ဆောင်မှုတွေကို ရရှိဖို့လည်းလိုအပ်ကြောင်း ဒီကနေ့ ကြေညာချက်တစ်စောင် ထုတ်ပြန်လိုက်ပါတယ်။

ရခိုင်ပြည်နယ်ကို သွားရောက်ခဲ့ရာမှာ နေရပ်စွန့်ခွာတိမ်းရှောင်ပြီး ဒုက္ခသည်စခန်းတွေမှာ ၇ နှစ်ကြာ နေထိုင်ခဲ့ရပြီးဖြစ်တဲ့ ရိုဟင်ဂျာနဲ့ ကမန်တွေရဲ့ အခြေအနေဟာ ပိုမိုယိုယွင်းလာနေပြီး နေထိုင်ဖို့ မသင့်တဲ့ အခြေအနေမျိုး ဖြစ်နေကြောင်း၊ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်ရဲ့ အကြံပြုချက်တွေကို အစိုးရက အကောင်အထည်ဖော်နေတာ မြင်ခဲ့ရကြောင်းနဲ့ ကုလသမဂ္ဂအဖွဲ့အစည်းတွေနဲ့ အတူတကွ လက်တွဲပြီး ဆက်လက်လုပ်ဆောင်ဖို့လိုကြောင်းလည်း မစ္စ မြူလာရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

ဒါ့အပြင် မြန်မာ့တပ်မတော်နဲ့ ရခိုင့်တပ်မတော်အကြား တိုက်ပွဲတွေကြောင့် လူဦးရေ သုံးသောင်းကျော် နေရပ်စွန့်ခွာတိမ်းရှောင်နေရတာကို အထူးစိုးရိမ်ကြောင်း၊ အရပ်သားပြည်သူတွေကို အကာအကွယ်ပေးဖို့နဲ့ ကူညီမှုတွေ လွတ်လပ်စွာ သွားလာပံ့ပိုးနိုင်ဖို့အတွက် လက်ရှိ ပဋိပက္ခမှာ ပါဝင်နေတဲ့ အဖွဲ့အစည်းတွေအနေနဲ့ နိုင်ငံတကာ လူသားချင်းစာနာမှုဆိုင်ရာ ဥပဒေကို လိုက်နာကြဖို့ ကုလသမဂ္ဂအနေနဲ့ တိုက်တွန်းကြောင်း၊ မြန်မာ့တပ်မတော်က အပစ်အခတ်ရပ်စဲမှု သက်တမ်းတိုးတာကို ကြိုဆိုကြောင်း စသဖြင့်… လက်ထောက် အတွင်းရေးမှူးချုပ် မစ္စ မြူလာရဲ့ မြန်မာနိုင်ငံ ၆ ရက်ကြာ ခရီးစဉ်နဲ့ ပတ်သက်ပြီး ထုတ်ပြန်ကြေညာချက်မှာ ဖော်ပြထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။