အဖမ်းခံထားရတဲ့ ရခိုင်အရေး ဆန္ဒပြကျောင်းသားတွေကို လွှတ်ပေးဖို့ တောင်းဆို
2020.09.16

ရခိုင်ပြည်နယ်အရေးကိစ္စနဲ့ ပတ်သက်လို့ ဆန္ဒပြတောင်းဆိုခဲ့တာကြောင့် ဖမ်းဆီးတရားစွဲခံရတဲ့ ကျောင်းသားတွေ ကို အမြန်ဆုံးလွှတ်ပေးဖို့ ရခိုင်လူငယ်မျိုးဆက်သစ်-ကွန်ရက်က ဒီနေ့မနက်မှာ ကြေညာချက် ထုတ်ပြန်တောင်းဆိုလိုက်ပါတယ်။
ရခိုင်ပြည်နယ် အစိုးရရုံးရှေ့မှာ ဆန္ဒပြတောင်းဆိုတာကြောင့် ဖမ်းဆီးခံရတဲ့ ကျောင်းသားသုံးဦးအပြင် ရန်ကုန်နဲ့ မန္တလေးမြို့တွေမှာ ရခိုင်ပြည်သူလူထုရဲ့ နစ်နာချက်တွေကို ထုတ်ဖော်ပြောဆိုတာကြောင့် အရေးယူတာဟာ လွှတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်ကို ပိတ်ပင်ရာရောက်တာကြောင့် အစိုးရရဲ့ လုပ်ဆောင်ချက်တွေကို ကန့်ကွက် တယ်လို့ ရခိုင်လူငယ်မျိုးဆက်သစ်-ကွန်ရက်ရဲ့ ဒါရိုက်တာ ကိုသန်းလှက RFA ကို ပြောပါတယ်။
အခုဖမ်းဆီးထားတဲ့ ကျောင်းသားတွေကို မလွှတ်ပေးဘူးဆိုရင် ဒီထက်ပြင်းထန်တဲ့ ကန့်ကွက်မှုတွေ၊ ဆန္ဒပြ တောင်းဆိုမှုတွေ စတဲ့လုပ်ဆောင်ချက်တွေကိုလည်း ဆောင်ရွက်သွားမယ်လို့ သူကဆိုပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာ ၉ ရက်နေ့က ရက္ခိုင်ပြည်ကျောင်းသားသမဂ္ဂက ကိုတိုးတိုးအောင်၊ ကိုကျော်နိုင်ဌေး၊ ကိုဦးသန်းနိုင် တို့သုံးဦးဟာ ပြည်နယ်အစိုးရုံးရှေ့မှာ ပြည်နယ်အစိုးရအလိုမရှိ၊ 4G အင်တာနက်ဖွင့်ပေးရေးနဲ့ စစ်တပ်ကိုထောက်ပြဝေဖန်တဲ့ ဆိုင်းဘုတ်တွေကိုင်ပြီး ဆန္ဒပြ တောင်းဆိုခဲ့ကြတာပါ။
အဲဒီလို ဆန္ဒပြ တောင်းဆိုနေချိန်မှာပဲ ရဲတပ်ဖွဲ့က ဝင်ရောက်ဖမ်းဆီးသွားတာဖြစ်ပြီး အခုလက်ရှိမှာတော့ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေနဲ့ စစ်တွေမြို့မရဲစခန်းမှာ အမှုဖွင့် ချုပ်နှောင်ထားပါတယ်။
သူတို့ကို ငြိမ်းစုစီဥပဒေနဲ့ တရားမစွဲဘဲ အာမခံမရနိုင်တဲ့ သဘာဝဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေး ဥပဒေနဲ့ တရားစွဲဆိုတဲ့အပေါ် ရှုတ်ချတယ်လို့ ရခိုင်ပြည်နယ် ရှေ့နေများကောင်စီ၊ စစ်တွေခရိုင် ရှေ့နေများအသင်း၊ Legal Clinic Myanmar (ရခိုင်ရုံးခွဲ)နဲ့ သဇင် ဥပဒေဆိုင်ရာ ထောက်ပံ့ကူညီရေး အဖွဲ့တွေက ကြေညာချက်ထုတ်ပြန် ထားပါတယ်။
အဲ့ဒီဥပဒေအရ ပြစ်မှုကျူးလွန်ကြောင်း တရားရုံးက ဆုံးဖြတ်ရင် ထောင်ဒဏ် တစ်နှစ်အထိ ဖြစ်စေ၊ ငွေဒဏ် ဖြစ်စေ၊ ပြစ်ဒဏ်နှစ်ရပ်လုံးကို ဖြစ်စေချမှတ်နိုင်တယ်လို့ ပြဌာန်းထားပါတယ်။
ရခိုင်ပြည်နယ်မှာ လက်ရှိဖြစ်ပွားနေတဲ့ စစ်ပွဲတွေအတွင်း တပ်မတော်က ရခိုင်ပြည်သူတွေအပေါ်မှာ တရားဥပဒေမဲ့ သတ်ဖြတ်တာတွေအတွက် ဒီမိုကရေစီ အစိုးရအနေနဲ့ ဂုဏ်သိက္ခာရှိရှိ တာဝန်ယူမှု၊ တာဝန်ခံမှု အပြည့်နဲ့ ထိထိ ရောက်ရောက် ဖြေရှင်းပေးဖို့ကိုလည်း ရခိုင်လူငယ်မျိုးဆက်သစ်-ကွန်ရက်က တောင်းဆိုထားပါတယ်။