ဧပြီလအတွင်း ရခိုင် က ကျေးရွာပေါင်း ၁၀၀ ကျော် ရေရှားနိုင်


2017.04.07
rakhine-village-development-office-620.jpg ရခိုင်ပြည်နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံးကို တွေ့ရစဉ်
Photo: Min Thein Aung/RFA

ရေရှားလာနိုင်တဲ့ကျေးရွာတွေအတွက် နည်းလမ်းအမျိုးမျိုးနဲ့ ဖြေရှင်းပေးသွားမယ်လို့ ပြည်နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးအရာရှိ ဦးအောင်မြတ်ထွန်း ကပြောပါတယ်။

"ကျနော်တို့ဌာနအနေနဲ့တော့ ဧပြီလထဲကို ရေရှားနိုင်မယ့်ရွာတွေကို ခန့်မှန်းထားတာရှိတယ်၊ ရွာကတော့ ၁၁၂ ရွာလောက် ကျနော်တို့ ခန့်မှန်းထားတယ်၊ အဲဒီရွာ ၁၁၂ ရွာကို ကျနော်တို့ နည်းလမ်းတွေအမျိုးမျိုး နဲ့ပေါ့နော် ရေဖြန့်တဲ့နည်းလမ်းတွေ တခြား မြစ်ရေတင်တဲ့နည်းလမ်းတွေနဲ့ ဖြေရှင်းသွားမှာဖြစ်တယ်"

ရခိုင်ပြည်နယ် မြို့နယ် ၁၆ ခုအနက် ဂွ၊ မာန်အောင်၊ စစ်တွေ၊ ပုဏ္ဏားကျွန်း၊ မြေပုံ စတဲ့ မြို့နယ်တွေဟာ အခုလ အတွင်း သောက်သုံးရေ လိုအပ်ချက်အများဆုံးမြို့နယ်တွေဖြစ်တယ်လို့ သိရပါတယ်။

အခုလအတွင်း အဲဒီ မြို့နယ် တွေက သောက်သုံးရေလိုအပ်ချက်ရှိနေတဲ့ ကျေးရွာပေါင်း ၁၁၀ ကျော် အတွက် ငွေကျပ် ၂၄ သန်းကျော်အသုံးပြုပြီး ဆောင်ရွက်ဖို့ လျာထားတယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ မတ်လအတွင်းက စစ်တွေ၊ ရသေ့တောင်၊ မြောက်ဦး၊ ကျောက်တော်၊ မြေပုံ၊ ဘူးသီးတောင်၊ သံတွဲ စတဲ့မြို့နယ်ပေါင်း ၇ ခုက ကျေးရွာပေါင်း ၅၁ ရွာမှာ ရေရှားပါးနိုင်ကြောင်း ခန့်မှန်းထားခဲ့ပေမယ့် အချိန်အခါမဟုတ် မိုးရွာသွန်းခဲ့တာကြောင့် ကျေးရွာပေါင်း ၂၆ ရွာလောက်သာ ရေလိုအပ်ချက်အတွက် ဖြေ ရှင်းပေးခဲ့ရတယ်လို့ သိရပါတယ်။

ရေလိုအပ်ချက်ရှိနေတဲ့ ကျေးရွာတွေအတွက် သောက်သုံးရေဖြန့်ဝေပေးတာတွေ၊ ရေကန်တွေကို ရေဖြည့်ပေး တာတွေ ဆောင်ရွက်ပေးသွားမှာဖြစ်တယ်လို့လည်း ပြည်နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးအရာရှိ ဦးအောင်မြတ်ထွန်း ကပြောပါတယ်။

မြန်မာနိုင်ငံမှာ အခုနှစ်နွေရာသီအတွင်း အပူချိန်မြင့်မားမယ်လို့ ခန့်မှန်းထားတာကြောင့် သောက်သုံးရေ လိုအပ် ချက်တွေလည်း အရင်နှစ်ကထက်ပိုများမယ်လို့ ပြည်နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ခန့်မှန်းထားပါတယ်။
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။