အမ်းမြို့နယ် သဲကမ်းထောင်းရွာ လက်နက်ကြီးကျလို့ ဒေသခံ နှစ်ဦးသေဆုံး၊ တစ်ရွာလုံး ထွက်ပြေးရ
2023.11.14

ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်၊ သဲကမ်းထောင်းရွာမှာ နိုဝင်ဘာလ ၁၄ ရက်မနေ့ညပိုင်း စစ်ကောင်စီတပ်က ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲတာကြောင့် ဒေသခံ နှစ်ဦးသေဆုံးခဲ့ပြီး တစ်ရွာလုံး ဘေးလွတ်ရာ ထွက်ပြေးနေရတယ်လို့ ဒေသခံတွေနဲ့ မိသားစုဝင်တွေက ပြောပါတယ်။
နိုဝင်ဘာလ ၁၄ ရက်နေ့ မနေ့ည ၁၁ နာရီခန့်က အမ်းမြို့နယ် ကဇုကိုင်းတောင်ပေါ်မှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်က တိုက်ပွဲမရှိဘဲ သဲကမ်းထောင်းရွာကို လက်နက်ကြီးနဲ့ သုံးချက် ပစ်ခတ်ခဲ့တာလို့ ဆိုပါတယ်။
မြေပုံမြို့နယ်၊ ကမ်းထောင်းကြီးမြို့ အလယ်ပိုင်းရပ်ကွက်မှာနေထိုင်ပြီး အမ်းမြို့နယ် သဲကမ်းထောင်းရွာဘက်ကို လယ်လုပ်ဖို့ရောက်နေတဲ့ အသက် ၇၀ ကျော်အရွယ် ဦးစောရွှေနဲ့ အမ်းမြို့နယ်၊ သဲကမ်းထောင်းရွာခံ အသက် ၃၇ နှစ်အရွယ် မခင်ဆန်းရွှေတို့ ထိမှန်သေဆုံးခဲ့တာလို့ ကမ်းထောင်းကြီး မြို့ခံတစ်ဦးက RFA ကိုပြောပါတယ်။
“ကဇုကိုင်းမှာ တပ်စွဲထားတဲ့ မြန်မာစစ်တပ်က ည ၁၁ နာရီလောက်မှာ သဲကမ်းထောင် ရွာကို လက်နက်ကြီးနဲ့ လှမ်းပစ်တယ်။ လက်နက်ကြီးသုံးလုံး ပစ်တယ်လို့ ပြောတယ်။ နောက်ဆုံးအလုံးမှာ ထိတယ်”
ဦးရွှေစောဟာ ရင်ဘတ်၊ ပခုံးနဲ လည်ပင်းစမှာ လက်နက်ကြီးကျည်စ ထိမှန်ခဲ့ပြီး ကမ်းထောင်းကြီးဆေးရုံ အရောက်မှာ သေဆုံးခဲ့ရသလို မခင်ဆန်းရွှေကိုတော့ အမ်းဆေးရုံကိုခေါ်လာချိန် လမ်းမှာသေဆုံးခဲ့ရတာလို့ ဦးရွှေစောရဲ့ သားမက်ဖြစ်သူက RFA ကို ပြောပါတယ်။
“သဲကမ်းထောင်းရွာနားမှာ လယ်လုပ်ပါတယ်။ ပထမဆုံး ပစ်သံကြားတော့ သူတို့က ဗုံးခိုကျင်းထဲ ဝင်နေတယ်။ လက်နက်ကြီးက ကိုယ့်အနီးကိုမကျ အဝေးကိုကျတယ်။ သူတိုက အေးဆေးကျသွားပြီ ဆိုပြီးတော့ ဗုံးခိုကျင်းကထွက်လို့ တဲပေါ်မှာအိပ်မယ်ဆိုပြီး ထိုင်ရုံပဲရှိသေးတယ်။ တဲခေါင်မိုးကို ကျတယ်။ ကျတာနဲ့ သဲကမ်းထောင်းရွာ အပြင်က စာသင်ကျောင်းကို ပြေးကြတယ်။ အနီးလေးပါ။ သုံးယောက်က လွတ်သွားတယ်။ ကျွန်တော့် ယောက္ခမနဲ့ မိန်းကလေးတစ်ယောက် ထိသွားတာ”
အိမ်ခြေ ခြောက်ဆယ်ဝန်းကျင်ရှိတဲ့ သဲကမ်းထောင်းရွာ ဒေသခံတွေကတော့ နိုဝင်ဘာ ၁၅ ရက်ဒီနေ့မနက် အစောပိုင်း မြေပုံမြို့နယ် ကမ်းထောင်းကြီးမြို့ကို ထွက်ပြေးခိုလှုံခဲ့ကြရပြီး ထွက်ပြေးနေရသူ အရေအတွက် အတိအကျကိုတော့ မသိရသေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။
စစ်ကောင်စီဘက်က ပစ်လိုက်တဲ့ လက်နက်ကြီးကြောင့် ဒေသခံ နှစ်ဦးသေဆုံးတယ် ဆိုတဲ့အပေါ် တုံ့ပြန်မှုရဖို့ စစ်ကောင်စီရဲ့ ရခိုင်ပြည်နယ် ပြောခွင့်ရသူ ပြည်နယ်ဥပဒေချုပ် ဦးလှသိန်းကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုခြင်း မရှိပါဘူး။
ရခိုင်ပြည်နယ်မှာ နိုဝင်ဘာလ ၁၃ ရက်စဖြစ်တဲ့ စစ်ကောင်စီတပ်နဲ့ ရက္ခိုင့်တပ်တော် (AA) တို့ရဲ့ တိုက်ပွဲတွေအတွင်း အရပ်သား ခုနစ်ဦးသေဆုံးပြီး နှစ်ဆယ်ဝန်းကျင် ဒဏ်ရာရရှိ ခဲ့သလို ဖမ်းဆီးခံရသူတွေလည်း ရှိနေပါတယ်။
(မှတ်ချက်။ မူလသတင်းတွင် မြေပုံမြို့နယ်၊ သဲကမ်းထောင်းရွာဟု မြို့နယ်အမည် မှားယွင်းဖော်ပြခဲ့သည်ကို ပြင်ဆင်ရေးသားထားပါသည်။)