ရိက္ခာရောင်းတယ်လို့ စွပ်စွဲရိုက်နှက်ခံရသူက ပုဒ်မ ၃ ခုနဲ့ အမှုဖွင့်တိုင်ကြား
2017.09.16
ရခိုင်ပြည်နယ် မြေပုံမြို့၊ ရွာသစ်ကေရပ်ကွက်မှာ မွတ်ဆလင်တွေကို ရိက္ခာရောင်းတယ်လို့ စွပ်စွဲခံရပြီး ရိုက်နှက်ခံခဲ့ရတဲ့ ဒေါ်စိုးချေက ပြုမူခဲ့တဲ့သူတွေကို ပုဒ်မ ၃ ခုနဲ့ မြေပုံမြို့မ ရဲစခန်းမှာ အမှုဖွင့်ထားတယ်လို့ အဲဒီရဲစခန်းရဲ့ စခန်းမှူးဖြစ်တဲ့ ဒုရဲမှူး အောင်တင်မိုးက ပြောပါတယ်။
ရိုက်နှက်ရာမှာ ပါဝင်ခဲ့သူ ၃ ယောက်ကို သာမာန်နာကျင်စေမှု၊ ကာအိန္ဒြေ ပျက်ပြားစေမှု၊ အသရေဖျက်မှုတို့နဲ့ အမှုဖွင့်ထားတာဖြစ်တယ်လို့ ဒုရဲမှူး အောင်တင်မိုးက ပြောပါတယ်။
"ဟုတ်ကဲ့ ဖွင့်ထားပါတယ်ခင်ဗျ။ မနေ့ကပဲ ခင်ဗျ။ ၃၅၄ ရယ်၊ ၅၀၀ ရယ်၊ ၃၂၃ ရယ်နဲ့ပါ။ ၅၀၀ က ဂုဏ်သိက္ခာ ထိခိုက်စေမှု၊ ၃၅၄ က ကာအိန္ဒြေ ပျက်စီးစေမှု ၃၂၃ က သာမာန် နာကျင်စေမှုပါ"
ပြီးခဲ့တဲ့ စက်တင်ဘာလ ၁၂ ရက်နေ့က ရခိုင်ပြည်နယ် မြေပုံမြို့၊ ရွာသစ်ကေ ရပ်ကွက်မှာ နေထိုင်တဲ့ ဒေါ်စိုးချေဟာ မွတ်ဆလင်တွေကို ရိက္ခာပို့တယ်လို့ လူတစ်စုက စွပ်စွဲပြီး ရိုက်နှက်ခဲ့တာဖြစ်ပါတယ်။
ဒါ့အပြင် ဒေါ်စိုးချေရဲ့ ဆံပင်ကိုဖြတ်ပစ်ခဲ့ပြီး အမျိုးသားသစ္စာဖောက်ဆိုတဲ့ စာတမ်းကို လည်ပင်းမှာဆွဲခိုင်းကာ မြေပုံမြို့ကို ပတ်ခိုင်းခဲ့တယ်လို့ သိရပါတယ်။
မြေပုံမြို့မှာ အသိုင်းအဝိုင်းနှစ်ခုကြား ပြဿနာဖြစ်မှာစိုးရိမ်တဲ့အတွက် မွတ်ဆလင်တွေနဲ့ ကုန်ပစ္စည်း ရောင်းဝယ်တာ၊ ဆက်ဆံတာ မလုပ်ဖို့ မြို့ခံသံဃာတွေနဲ့ ဒေသခံတွေက ဆုံးဖြတ်ထားတာဖြစ်ကြောင်း မြေပုံမြို့နယ် မဲဆန္ဒနယ် အမှတ် ၁ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးအောင်ဝင်းက ပြောပါတယ်။
ဒါ့အပြင် အခုလို လူ့ဂုဏ်သိက္ခာ ကျဆင်းအောင် ပြုမူတာမျိုးကို လက်မခံနိုင်ဘူးလို့လည်း ဦးအောင်ဝင်းက ပြောပါတယ်။