ရမ်းဗြဲနဲ့ ကျောက်ဖြူ လေကြောင်းနဲ့ ဗုံးတစ်ရာကျော် ကြဲခံခဲ့ရကြောင်း AA ပြော
2024.02.14

ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့နယ်နဲ့ ကျောက်ဖြူမြို့နယ်တွေကို ဖေဖော်ဝါရီလ ၁၃ ရက်မနေ့က စစ်ကောင်စီတပ်ရဲ့ ဂျက်တိုက်လေယာဉ်အပြင် Y-12 ထောက်ပို့လေယာဉ်နဲ့ပါ ဗုံးအလုံး ၁၃၀ ကျော်ကြဲခဲ့တယ်လို့ (AA) ပါဝင်တဲ့ ညီနောင်မဟာမိတ်သုံးဖွဲ့က မနေ့မှာပဲ ထုတ်ပြန်ပါတယ်။
ရမ်းဗြဲမြို့ကို စစ်ကောင်စီတပ်က ကြည်း၊ ရေ၊ လေ ပူးပေါင်းဖျက်ဆီးနေတာဖြစ်ပြီး မနေ့က တစ်ရက်တည်းတင် ဂျက်တိုက်လေယာဉ်နဲ့ ခုနစ်ကြိမ်၊ Y-12 ထောက်ပို့လေယာဉ်နဲ့ (၃၇) ကြိမ် လာရောက် ဗုံးကြဲခဲ့တာလို့ ဆိုပါတယ်။
သိမ်တောင်ဘုရားကုန်းမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ (၇၆) ကြိမ်ထက်မနည်း ပစ်ခတ်ခဲ့ပြီး ကလိန်တောင်မြစ်၊ တိန်ချောင်းဝနဲ့ သလူချောင်းဝကြားမှာရှိတဲ့ ဇက်သင်္ဘောပေါ်ကလည်း အလုံးရာနဲ့ချီ ပစ်ခတ်ခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။
ရမ်းဗြဲမြို့ခံ တစ်သောင်းကျော်ကတော့ လက်ရှိအချိန်အထိ ထွက်ပြေးတိမ်းရှောင်နေရဆဲဖြစ်ပြီး လက်နက်ကြီး ပစ်သံတွေနဲ့ မြို့တွင်းမှာ မီးခိုးတွေထွက်နေတာ မြင်တွေ့နေရတယ်လို့ မြို့ခံတစ်ဦးက RFA ကို ပြောပါတယ်။
“မနေ့က အတော်လေးကို တိုက်ပွဲပြင်းထန်သံ ကြားပါတယ်။ အဲဒီ သိမ်တောင်ကုန်းက တပ်စခန်းကို AA က ဝင်တိုက်တာတဲ့။ သိမ်းပိုက်လိုက်ပြီလား၊ မသိမ်းရသေးဘူးလား ဆိုတာတော့ မသိရဘူး။ လေယာဉ်တွေနဲ့လည်း လာဗုံးကြဲတယ်၊ လက်နက်ကြီးတွေလည်း ပစ်သံကြားတယ်။ မြို့တွင်း မီးခိုးထွက်နေတာတော့ မြင်ရတယ်”
ရမ်းဗြဲမြို့မှာ ဒီဇင်ဘာလကစပြီး တိုက်ပွဲပြင်းထန်နေသလို စစ်ကောင်စီတပ်ရဲ့ လေကြောင်းပစ်ခတ်မှုကြောင့် ဖေဖော်ဝါရီ ၅ ရက်အထိ မြို့တွင်းက နေအိမ်ခြောက်ဆယ်ကျော် မီးလောင်ပျက်စီးသွားပြီလို့ ဒေသခံတွေက ပြောပါတယ်။
ကျောက်ဖြူမြို့နယ် ဂုံးချွိန်တိုက်နယ် ငှက်ပျောချောင်းရွာနဲ့ အနီးဝန်းကျင်ကိုလည်း ဖေဖော်ဝါရီ ၁၃ ရက်မနေ့က Y-12 ထောက်ပို့လေယာဉ်တစ်စင်းနဲ့ ဗုံးအလုံး သုံးဆယ်ထက်မနည်း ကြဲခဲ့တာကြောင့် အူချေ (ခေါ်) ကုလားဘာရွာက နေအိမ်လေးလုံး ပျက်စီးခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။
ဒေသခံတွေ ဘေးလွတ်ရာထွက်ပြေးနေကြရပြီး အရေအတွက် အတိအကျကိုတော့ မသိရသေးဘူးလို့ ဆိုပါတယ်။
ငှက်ပျောချောင်းရွာနားမှာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁၂ ရက်နေ့က ကင်းလှည့်နေတဲ့ စစ်ကောင်စီတပ်စစ်ကြောင်းကို (AA) က ကြားဖြတ်တိုက်ခိုက်ပြီးနောက် တိုက်ပွဲပြင်းထန်နေတာ ဖြစ်ပါတယ်။
အဲဒီနေ့ကလည်း ကျောက်ဖြူအခြေစိုက် အမှတ် (၃၂) ရဲတပ်ရင်း၊ ခမရ (၅၄၂) စစ်ကောင်စီတပ်ရင်းနဲ့ ရေတပ်ကပါ လက်နက်ကြီးတွေနဲ့ အဆက်မပြတ်ပစ်ခတ်ခဲ့တယ်လို့ ဒေသခံတွေက RFA ကို ပြောပါတယ်။
ဒီကိစ္စနဲ့ပတ်သက်ပြီး စစ်ကောင်စီဘက်က တစ်စုံတစ်ရာ ထုတ်ပြန်ထားတာမရှိသလို စင်ကောင်စီရဲ့ ရခိုင်ပြည်နယ် ပြောခွင့်ရသူ ပြည်နယ်ဥပဒေချုပ် ဦးလှသိန်းကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်မေမြန်းခဲ့ပေမယ့် ဖုန်းစက်ပိတ်ထားပါတယ်။
ကျောက်ဖြူမြို့နယ်မှာ ဖေဖော်ဝါရီလ ၁ ရက်ကလည်း နှစ်ဖက်တိုက်ပွဲဖြစ်ခဲ့ပြီးနောက် စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာကြောင့် ဒေသခံငါးဦး ဒဏ်ရာရခဲ့ပါတယ်။