ရန်ကုန်တိုင်းမှာ လေဆင်နှာမောင်း တိုက်၍ ဈေးနှင့် နေအိမ်များ ပြိုကျ ပျက်စီး

ရန်ကုန်တိုင်း သာကေတ မြို့နယ်မှာ ပြီးခဲ့တဲ့ သောကြာနေ့ ညနေ ရ နာရီလောက်က လေဆင် နှာမောင်း တိုက်ခတ်ခဲ့တဲ့ အတွက် ရန်ပြေ ၃ ရပ်ကွက် အခွန်လွတ်ဈေး တခုလုံး ပြိုကျသွားပြီး နေအိမ် တဒါဇင်လောက် ပျက်စီးသွားတယ်လို့ သိရပါတယ်။

2011.06.13

လေဆင် နှာမောင်းတွေဟာ ခါတိုင်း လယ်ကွင်းပြင်တွေမှာ တိုက်ခတ်တာ များပြီး သာကေတ ရပ်ကွက်တွေထဲ အခုလို ဝင်မွှေ့တာမျိုး မကြုံဖူးဘူးလို့ ပြောကြပါတယ်။ ပုစွန်တောင် ချောင်းနားမှာ လေပြင်း စတင် တိုက်ပြီး ရပ်ကွက် သုံးခုကို ခုန်ကျော် တိုက်သွားတာလို့ ဒေသခံ တယောက်က ပြောပြပါတယ်။

"သာကေတ ပုစွန်တောင်ချောင်း ပေါ့။ အဲဒီချောင်းဘေးကနေ ဒေါပုံဖက်ကို တိုက်လာပြီးမှ ၃-၄ ရပ်ကွက်ကို ခုံကျော်ပြီးမှ ၃ ရပ်ကွက်ကနေ ဟိုဖက် ၆ ရပ်ကွက်ကို သွားကျတယ်။ အော်သံကြီး ဝုန်းဆိုကြားပြီးမှ၊ လူတွေက ဘာမှကို မသိလိုက်ကြဘူး။ အိမ်တွေ ဘာတွေ ရွဲ့စောင်းပြီးမှ သွပ်ပြားတွေ ဘာတွေ ပါသွားတာပေါ့နော်။ သာကေတ ရန်ပြေ ၃ ရပ်ကွက် အခွန်လွတ်ဈေး တခုလုံး ပြိုသွားတာပေါ့နော်။ ဒေါပုံဖက်မှာတော့ ကမ်းနားဘက်က အိမ်တွေ လေးငါးဆယ်လုံးလောက် ပြိုသွားတယ်။ ၆ ရပ်ကွက်မှာ လမ်း နှစ်လမ်းလောက် ထပ်တိုက်သွားတာ။ အိမ်တချို့ ပြိုပြီး တိုက်နံရံတွေ ဘာတွေ ပွင့်သွားတာပေါ့။ "

သေဆုံးသူ ရှိတယ်လို့ မကြားရပေမယ့် ထိခိုက် ဒဏ်ရာရသူတွေ ရှိတယ်လို့သိရပါတယ်။ ပြိုသွားတဲ့ အခွန်လွတ်ဈေးက အခိုင်အခန့် ဆောက်ထားတာ မဟုတ်ဘဲ ဓနိတိုင်တွေနဲ့ ဆောက်ထားတာ ဖြစ်ပြီး၊ ကမ်းနားဘက်က အိမ်တွေကလည်း သစ်သားတိုင်ထူ၊ ဓနိမိုးထားတဲ့ အိမ်တွေများတယ်လို့ ပြောပါတယ်။

၁၀ မိနစ်လောက် တိုက်ခတ်ပြီး အရှိန်ပျော့သွားတယ်လို့ ဆိုပါတယ်။ ရပ်ကွက်ထဲက အိမ်တွေကတော့ သွပ်မိုးတွေ ပွင့်သွားပြီး တချို့အိမ်တွေ ယိုင်စောင်းသွားတဲ့ အပြင် ခြံစည်းရိုး တချို့လည်း လေဆင် နှာမောင်းနဲ့ လွင့်ပါသွားတယ်လို့ ပြောပါတယ်။

လေဆင် နှာမောင်း တိုက်သွားပြီးတဲ့နောက် ရပ်ကွက် တာဝန်ရှိသူတွေက အပျက်အစီးတွေကို လာကြည့်တာက လွဲလို့ တခြား အကူအညီ ပေးတာ မတွေ့ရသေးဘူးလို့လည်း ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။