ရသေ့တောင်မုဒိမ်းမှုမှာ စစ်သားသုံးဦးကို ထောင်ဒဏ် နှစ် ၂၀ စီ ချမှတ်
2020.12.11
ပြစ်မှုကျူးလွန်ကြောင်း ဝန်ခံထားတဲ့ တပ်မတော် သုံးဦးကို ဒီနေ့ စစ်တွေမြို့က တပ်ပိုင် လေးဝတီ ပညာရေးရိပ်သာက စစ်တရားခုံရုံးမှာ အရပ်ဘက်၊ တပ်ဘက် ဥပဒေတွေနဲ့ ထောင်ဒဏ် နှစ် ၂၀ စီ ချမှတ်လိုက်တယ်လို့ အဓမ္မပြုကျင့်ခံရတဲ့ တရားလို အမျိုးသမီးဘက်ကနေ လိုက်ပါဆောင်ရွက်ပေးနေတဲ့ ရှေ့နေ ဒေါ်မြသူဇာက ပြောပါတယ်။
ထောင်ဒဏ် ချမှတ်လိုက်ပြီးတော့ အရပ်ဘက် အကျဉ်းထောင်ကို ဒီနေ့ ပို့မှာဖြစ်တယ်လို့ တရားလို ရှေ့နေ ဒေါ်မြသူဇာက ပြောပါတယ်။
"စစ်ခုံရုံးမှာ အမိန့်ချတယ် ချအပြီးမှာ ဒီနေ့ချက်ချင်းပဲ အရပ်ဘက်အကျဉ်းထောင်ကို ဒီနေ့ပဲ ချက်ချင်းပို့မယ်လို့ ပြောပါတယ်။ နယ်ဘက်ပြစ်မှုနဲ့ရော သူတို့ရဲ့ပြစ်မှုရော ပေါင်းပြီးတော့ တစ်ယောက်ကို နှစ် ၂၀ စီချတယ်။ ဒီဇင်ဘာ ၃ ရက်နေ့က ဆိုလို့ရှိရင်တော့ အကျဉ်းနည်းနဲ့ စစ်ဆေးတယ်။ စစ်ဆေးတဲ့အခါမှာ သူတို့ကို အပြစ်ရှိတယ်လို့ သူတို့က မငြင်းဘူး ဝန်ခံတယ်။ ဝန်ခံတဲ့အတွက်ကို သူတို့စွဲချက်တင်ပါတယ်။ အဲဒီစွဲချက်အတိုင်းပဲ ဒီနေ့မှာ အမိန့်ချတာပေါ့နော်"
အခုလို ချမှတ်လိုက်တဲ့ ပြစ်ဒဏ်အပေါ် ကျေနပ်တယ်လို့လည်း ဒေါ်မြသူဇာက ပြောပါတယ်။
ကျူးလွန်သူသုံးဦးထဲက တစ်ဦးက အရပ်ဘက်ဥပဒေဖြစ်တဲ့ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၃၇၆၊ ၃၆၆ တို့ အပြင် တပ်မတော်အက်ဥပဒေပုဒ်မ ၇၁၊ ၃၅ (င)၊ ၄၇ (၁) တို့နဲ့ စွဲချက်တင်ခံထားရတာဖြစ်ပြီး ကျန်နှစ်ယောက်ကတော့ ပုဒ်မ ၃၅ (င) မပါဝင်ပါဘူး။
ဒီအမှုမှာ လွတ်လပ်ပြီး ပွင့်လင်းမြင်သာစွာ လေ့လာခွင့်ရခဲ့သလို တရားမျှတမှုလည်း ရှိတယ်လို့ တရားလို အမျိုးသမီးကို ကူညီပေးနေတဲ့ ရခိုင်အမျိုးသမီး ကွန်ရက် ပြည်နယ်ဥက္ကဋ္ဌ ဒေါ်ညိုအေးက ပြောပါတယ်။ ဒီနေ့ ချမှတ်လိုက်တဲ့ပြစ်ဒဏ်ကို ကာယကံရှင် တရားလိုဘက်ကလည်း ကျေနပ်တယ်လို့ ဒေါ်ညိုအေးက ပြောပါတယ်။
"သူက ကိုက်ညီမှုရှိတယ်လို့ ယူဆတဲ့အတွက် တရားလိုကလည်း ကျေနပ်တယ်ပေါ့နော်။ ကျမတို့ အမှု စတင်လိုက်ပေးရတဲ့ သူတွေကလည်းပဲ ကျေနပ်တယ်လို့ ပြောရမှာပေါ့လေ။ ကျမတို့ဘက်ကတော့ ဒီလို ပွင့်လင်းမြင်သာမှုမျိုးကို ကျမတို့ရခိုင်ပြည်နယ် တစ်ခုတည်း မဟုတ်ဘူး မြန်မာနိုင်ငံမှာရှိတဲ့ တိုင်းရင်းသား ဒေသတွေအားလုံးက ပွင့်လင်းမြင်သာ စေချင်တာပေါ့နော်။ ဒီလိုအမှုမျိုး ပေါ်ပေါက်လာရင်တော့ ထိုက်သင့်တဲ့ အမှုမှန်ပေါ်ပေါက်ပေးဖို့ ကျမတို့နဲ့ ဝိုင်းဝန်းပူးပေါင်းကူညီ ပေးဖို့အတွက် တပ်မတော်ကိုလည်း တောင်းဆိုချင်တယ်ပေါ့လေ"
ရခိုင်ပြည်နယ်မြောက်ပိုင်း မောင်တောမြို့နယ် အင်းဒင်ရွာလူသတ်မှုမှာ ပါဝင်ခဲ့တဲ့ တပ်မတော်သား ခုနစ်ဦးကို ၂၀၁၈ ခုနှစ်မှာ ထောင်ဒဏ် ၁၀ နှစ် ချမှတ်ခဲ့ပေမယ့် တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရဲ့ ပြစ်ဒဏ်သက်သာခွင့်နဲ့ ထောင်ဒဏ် တစ်နှစ်မပြည့်ခင်မှာ လွှတ်ပေးခဲ့ပါတယ်။
ဒီလိုကိစ္စတွေမှာ ပြစ်ဒဏ် လွတ်ငြိမ်းချမ်းသာခွင့်ပေးတာ မလုပ်ဖို့ လိုတယ်လို့လည်း ဒေါ်ညိုအေးက ထောက်ပြပါတယ်။
"ကျမတို့ပြောချင်တာကတော့ တရားကိုနတ်စောင့်တယ်လေ။ ချက်ချင်းကြီးပဲ ပြန်လွှတ်ပေးဖို့ ပြန်ပြီးတော့ သူတို့ သနားသက်ညှာတယ် ဆိုတာမျိုး။ 'နယူတန်ရဲ့ တတိယနိယာမ' တောင် ရှိတယ်လေ၊ သက်ရောက်ခြင်းတို့ မည်သည်မှာ တန်ပြန်တဲ့သက်ရောက်မှုတော့ ရှိမှာပေါ့ရှင့်။ ကျမတို့ကို အဲဒီလို သက်ရောက်မှု ပေးလာရင် ကျမတို့ဘက်ကလည်း တန်ပြန်တဲ့ သက်ရောက်မှုတော့ ရှိမှာပေါ့လေနော့။ ကျမတို့ CSO တွေပါ ကျမတို့ကိုလည်း နည်းနည်းပါးပါး လေးစားမှုတော့ ပေးဖို့လိုတယ်ပေါ့လေ။ ကျမတို့ကို လေးစားမှုမပေးရင် ကျမတို့ကလည်း ထောင်ဆိုတာ ကျမတို့ကြောက်နေတဲ့ လူတန်းစား မဟုတ်တဲ့အတွက်ကြောင့် ကျမတို့ကတော့ လေးစားမှု ပေးနိုင်မှာ မဟုတ်ဘူး။ ကျမတို့ကတော့ ကျမတို့ကို လေးစားမှုပေးသ၍ ဘယ်သူ့ကိုဖြစ်ဖြစ် ကျမတို့ လေးစားမှု ပေးမယ်။ ဒါပဲ"
အင်းဒင်ရွာလူသတ်မှုမှာ ပါဝင်သူတွေကို ထောင်ဒဏ်တစ်နှစ်မပြည့်ခင် ပြန်လွှတ်လိုက်တာကြောင့် ကုလသမဂ္ဂ နဲ့ နိုင်ငံတကာအသိုင်းအဝိုင်းက ဝေဖန်ရှုတ်ချခဲ့ကြတဲ့အပေါ် ဒီလိုကိစ္စမျိုး နောင်မှာ မဖြစ်တော့ဘူးလို့ နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီး ဦးကျော်တင့်ဆွေက စက်တင်ဘာလ ၂၉ ရက်နေ့က ကျင်းပခဲ့တဲ့ ကုလသမဂ္ဂ အထွေထွေညီလာခံမှာ ကတိပေးပြောခဲ့ဖူးပါတယ်။
တပ်မတော်အနေနဲ့ ဦးဂါကျေးရွာ ကိစ္စနဲ့ပတ်သက်ပြီး စစ်တရားရုံမှာ စစ်ဆေးတာဖြစ်ပေမယ့် ပွင့်လင်း မြင်သာစွာ စစ်ဆေးသွားမှာ ဖြစ်တယ်လို့ ဒီဇင်ဘာ ၅ ရက်နေ့ တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့ လူမှုကွန်ရက်စာမျက်နှာမှာ ဖော်ပြထားပါတယ်။
ဒီနေ့အမိန့်ချမှတ်လိုက်တာနဲ့ ပတ်သက်ပြီး တပ်မတော်ဘက်က သဘောထားကို သိနိုင်ဖို့ တပ်မတော် သတင်းမှန် ပြန်ကြားရေးအဖွဲ့ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က ဆက်သွယ်မေးမြန်းပေမယ့် ဒီနေ့ ညနေပိုင်းအထိ ဖုန်းလက်ခံဖြေကြားတာ မရှိသေးပါဘူး။
တိုက်ပွဲတွေကြောင့် နယ်မြေတည်ငြိမ်မှုမရှိတဲ့ ဒေသတွေမှာ ဦးဂါရွာဖြစ်စဉ်လို အမျိုးသမီးတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်တဲ့ ဖြစ်စဉ်တွေ များစွာရှိတဲ့အတွက် လျစ်လျူမရှုဘဲ အရေးယူအပြစ်ပေးဖို့ လူ့ အခွင့်အရေးလှုပ်ရှားသူတွေက တိုက်တွန်းကြပါတယ်။
ရန်ကုန်အခြေစိုက် Gender Equality Network အဖွဲ့ရဲ့ ဒါရိုက်တာ ဒေါ်မေစပယ်ဖြူက နိုင်ငံတကာရဲ့ စောင့်ကြည့်လေ့လာမှု အားကောင်းတဲ့ ရခိုင်ပြည်နယ်က အမှုဖြစ်လို့ အခုလို ပြစ်ဒဏ် ချလိုက်တာမျိုး မဟုတ်ဘဲ ပဋိပက္ခဖြစ်ပွားတဲ့ ဒေသတွေ အကုန်လုံးက အမျိုးသမီးတွေအပေါ် လိင်ပိုင်းဆိုင်ရာ ကျူးလွန်မှုတွေကို ပြစ်ဒဏ် ကင်းလွတ်ခွင့်ပေးတာမျိုး မရှိစေချင်ဘူးလို့ ထောက်ပြပါတယ်။
"ရခိုင်မှာက အပြည်ပြည်ဆိုင်ရာက ဖိအားတွေနဲ့ စောင့်ကြည့်လေ့လာမှုတွေ ရှိတဲ့အတွက်ကြောင့်လည်း ဒီလိုမျိုး အရေးယူတယ်လို့တော့ ထင်ပါတယ်။ အမျိုးသမီးတွေအပေါ် အကြမ်းဖက်မှု ကျူးလွန်တယ် ဆိုတာကလေ ဒါလက်သင့် မခံနိုင်တဲ့ လူ့အခွင့်အရေးချိုးဖောက်မှုကိုး။ ဥပမာ တပ်မတော်က လုပ်တယ်ဆိုရင်လည်း တပ်မတော်ရဲ့ ဂုဏ်သိက္ခာပေါ့၊ ကောင်းသတင်းကို ကျမတို့က ထိန်းသိမ်းထားနိုင်မှာ ဖြစ်တယ်ပေါ့။ အဲဒီတော့ ပြောချင်တာက ပြစ်မှုကျူးလွန်တဲ့သူကို ကင်းလွတ်ခွင့် ဘာအကြောင်းနဲ့မှ ပေးစရာအကြောင်း မရှိဘူး သူကျူးလွန်တဲ့အတိုင်းပဲ ကျမတို့က ပြစ်ဒဏ်ပေးလိုက်တာပဲပေါ့နော်။ အဲဒီလိုဟာမျိုးပဲ ဖြစ်သင့်တယ်။ ဘယ်လိုဒေသမှာ ဘယ်ပဋိပက္ခဖြစ်ပွားတဲ့ ဒေသမှာ၊ ဘယ်လူမျိုး ဘယ်ဘာသာ ဘယ်သူပဲ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက် ခံရခံရပေါ့နော် ဒီလိုမျိုး ကျင့်သုံးမှုနဲ့ တရားမျှတမှုကို ရရှိပေးဖို့ ကျမကတော့ တိုက်တွန်းချင်တယ်"
ဦးဂါရွာက ကလေးလေးယောက်မိခင် အသက် ၃၆ နှစ်အရွယ် အမျိုးသမီးဟာ ဇွန်လ ၂၉ ရက်နေ့က တပ်မတော်စစ်ကြောင်းတစ်ခု ရွာထဲ ဝင်လာချိန်မှာ အဓမ္မ ပြုကျင့်ခံခဲ့ရတာပါ။ အဲဒီကိစ္စကို RFA က ဇူလိုင်လ ၃ ရက်နေ့မှာ သတင်းထုတ်လွှင့်ခဲ့ပါတယ်။ အဲဒီနောက် ဇူလိုင်လ ၁၀ ရက်နေ့မှာတော့ နစ်နာသူ ကာယကံရှင် ကိုယ်တိုင်က ပြစ်မှုကျူးလွန်ခဲ့သူတွေကို အရေးယူဖို့ စစ်တွေမြို့မရဲစခန်းမှာ ရာဇသတ်ကြီးပုဒ်မ ၃၇၆ - မုဒိမ်းမှု၊ ပုဒ်မ ၃၆၆ - အတင်းအဓမ္မ သွေးဆောင်ဆွဲခေါ်မှု၊ ပုဒ်မ ၁၁၄ ပြစ်မှုကျူးလွန်ဖို့ အားပေးမှု… စတဲ့ ပုဒ်မသုံးခုနဲ့ တိုင်ချက်ဖွင့်ခဲ့တာပါ။ ဒီသတင်း စတင်ထွက်ပေါ်လာချိန်မှာ တပ်မတော်က ငြင်းဆိုခဲ့ပေမယ့် စက်တင်ဘာလ ၁၆ ရက်နေ့မှာတော့ ကျူးလွန်သူတွေက ဝန်ခံထားကြောင်း၊ ပြင်းပြင်းထန်ထန် အရေးယူသွားမှာ ဖြစ်ကြောင်း တပ်မတော်ဘက်က ကြေညာခဲ့ပါတယ်။
ဒါဟာ ရခိုင်ပြည်နယ်မှာ နှစ်နှစ်နီးပါးအကြာ ဖြစ်ပွားနေတဲ့ စစ်ရေးပဋိပက္ခအတွင်း ပထမဆုံး တရားရုံးအထိ ရောက်လာတဲ့အမှု ဖြစ်ပြီး ပြစ်မှုကျူးလွန်တဲ့ တပ်မတော်သားတွေကို စစ်တရားခုံရုံးက နှစ်ရှည်ထောင်ဒဏ် ချမှတ်လိုက်တာလည်း ဖြစ်ပါတယ်။