မြေရှားသတ္တုတူးဖော်တဲ့အပေါ် ကန့်ကွက်သူ ၄၀ ကျော်ကို KIA က ဗုံးနဲ့တိုက်ခိုက်ပြီး ဖမ်းဆီးထား

RFA Burmese
2024.02.14
မြေရှားသတ္တုတူးဖော်တဲ့အပေါ် ကန့်ကွက်သူ ၄၀ ကျော်ကို KIA က ဗုံးနဲ့တိုက်ခိုက်ပြီး ဖမ်းဆီးထား ကချင်ပြည်နယ်၊ ချီဖွေမြို့နယ် ဖရဲရွာမှ မြေရှားသတ္တုတူးဖော်မှုအပေါ် ကန့်ကွက်ဆန္ဒပြသည့် ဒေသခံများအား ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၅ ရက်နေ့က တွေ့ရစဉ်။
Citizen Journalist

ကချင်ပြည်နယ်၊ ချီဖွေမြို့နယ် ဖရဲရွာက မြေရှားသတ္တုတူးဖော်မှုအပေါ် ကန့်ကွက်ဆန္ဒပြတဲ့ ဒေသခံတွေကို ဖေဖော်ဝါရီ ၅ ရက်ကစပြီး ကချင်လွတ်မြောက်ရေး တပ်မတော် (KIA) က ဗုံးနဲ့ပစ်ခတ် တိုက်ခိုက်ခဲ့တာကြောင့် ဒဏ်ရာရသူအချို့ရှိခဲ့သလို ဒေသခံ အမျိုးသား ၄၄ ဦးကိုပါ ဖမ်းဆီးထားတယ်လို့ အဲဒီဒေသခံတွေက ပြောပါတယ်။

ဒေသခံတွေ သောက်သုံးရေယူနေရတဲ့ တောင်ကုန်းအနီးမှာ မြေရှားသတ္တု တူးဖော်လာတဲ့အပေါ် ဖေဖော်ဝါရီ ၅ ရက်မှာ သွားရောက်ကန့်ကွက်ချိန် (KIA) က လက်ပစ်ဗုံးနဲ့ပစ် လူစုခွဲခဲ့သလို နောက်ရက်တွေကစပြီး ပြည်သူတွေကို စတင်ဖမ်းဆီးခဲ့တာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

“ဖရဲရွာက တောင်ကြားမှာပဲ သောက်ရေက တောင်ပေါ်ကယူတာ။ အခုက သောက်သုံးရေယူနေတဲ့ ရေကန်အနားမှာကို လုပ်ဖို့လုပ်လာတော့ ရေကသုံးလို့မရတော့ဘူး အကုန်ညစ်ပတ်သွားပြီ။ ပြည်သူတွေကတော့ (KIO) ကို သွားပြောတော့ သူတို့လည်း တာဝန်မယူပေးဘူး။ အခု ရေယူနေတဲ့နေရာမှာ ဒီတိုင်းတူးရင်တော့ ဖရဲရွာက ကုန်ပြီ။ အဲဒါကြောင့် ကျွန်တော်တို့က လုပ်နေတဲ့ တရုတ်တွေကို အဲမှာမလုပ်ဖို့ သွားတောင်းဆိုချိန် (KIA) စစ်သားတွေက အနောက်ကနေ မိုင်း (ဗုံး) နဲ့ ပစ်တယ်။ နှစ်ယောက် ဒဏ်ရာရတယ်။ ဖမ်းဆီးခံရတာက ၆ ရက်နေ့က စဖမ်းတာ မနေ့က စာရင်းလုပ်ကြည့်တော့ ၄၄ ယောက်ရှိတယ်”

ဖေဖော်ဝါရီ ၆ ရက်မှာ ဒေသခံ သုံးဦး စတင်ဖမ်းဆီးခံရပြီးနောက် ဖေဖော်ဝါရီ ၇ ရက်မှာ ဖမ်းဆီးခံရသူ သုံးဦးကို ပြန်လွှတ်ပေးဖို့ သွားတောင်းဆိုတဲ့ ဒေသခံတွေကိုပါ (KIA) က ပိတ်ဆို့ဖမ်းဆီးခဲ့တာလို့ ဆိုပါတယ်။

ဖမ်းဆီးခံရသူတွေထဲ စာသင်ကျောင်းမှာ စာမေးပွဲအတွက် မေးခွန်ထုတ်နေတဲ့ ကျောင်းအုပ်ဆရာနဲ့ ကျောင်းဆရာ၊ ဘာသာရေး သင်းအုပ်ဆရာ တစ်ဦးနဲ့ သင်းထောက် တစ်ဦးပါ ပါဝင်ပြီး ကျန်တဲ့သူတွေကတော့ ဒေသခံအမျိုးသားတွေ ဖြစ်တယ်လို့ အဲဒီရွာခံတွေက ပြောပါတယ်။

ဖရဲဒေသခံတွေဟာ အရင်ကလည်း မြေရှားသတ္တုမတူးဖော်ဖို့ (KIA) ကို အကြိမ်ကြိမ် စာနဲ့တင်ပြခဲ့တဲ့အပြင် ဆန္ဒထုတ်ဖော်တာတွေပါ လုပ်ခဲ့ပေမယ့် ဘာမှ မထူးခြားခဲ့ဘူးလို့ ဆိုပါတယ်။

၂၀၂၃ ခုနှစ်၊ အောက်တိုဘာလကလည်း သတ္တုတူးဖော်တဲ့အပေါ် ကန့်ကွက်တဲ့ ဖရဲဒေသခံ သုံးဆယ်ကျော်ကို (KIA) က ဖမ်းဆီးခဲ့ပြီး တစ်ရက်အကြာမှာတော့ ပြန်လွှတ်ပေးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး တုံ့ပြန်မှုရဖို့ (KIO) သတင်းနဲ့ပြန်ကြားရေး တာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူကို RFA က ဆက်သွယ်မေးမြန်းတဲ့အခါ ဒီအခြေအနေအပေါ် သူတို့အနေနဲ့ သတင်းမရသေးဘူးလို့သာ တုံ့ပြန်ပါတယ်။

လူဦးရေ တစ်ထောင်ကျော် နေထိုင်တဲ့ ဖရဲရွာမှာ ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလကစပြီး မြေရှားသတ္တုတူးဖော်မှုတွေ စတင်ခဲ့တာဖြစ်ပြီး လက်ရှိအချိန်အထိ သတ္တုဆိုက်ငါးခုရှိနေပြီလို့ ဒေသခံတွေက ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။