စစ်ဆေးရေးကြောင့် ပန်ဝါဒေသက မြေရှားသတ္တု တူးဖော်မှုများ ရပ်ဆိုင်းနေ

RFA Burmese
2023.09.08
စစ်ဆေးရေးကြောင့် ပန်ဝါဒေသက မြေရှားသတ္တု တူးဖော်မှုများ ရပ်ဆိုင်းနေ ကချင်ပြည်နယ်က မြေရှားသတ္တုတူးဖော်ရေး လုပ်ငန်းခွင်တစ်ခုကို ၂၀၂၂ ခုနှစ် မတ်လ ၃ ရက်နေ့က တွေ့ရစဉ်။
RFA

ကချင်ပြည်နယ် ချီဖွေမြို့နယ် ပန်ဝါဒေသမှာ စစ်ကောင်စီက လာရောက်စစ်ဆေးမယ်ဆိုတဲ့ သတင်းကြောင့် မြေရှားသတ္တုတူးဖော်မှုတွေ  ပြီးခဲ့တဲ့တစ်ပတ်ခန့်ကစပြီး  ရပ်နားထားကြ တယ်လို့ မြေရှားသတ္တု တူးဖော်ရေးမှာ လုပ်ကိုင်နေသူတွေနဲ့ ဒေသခံတွေက ပြောပါတယ်။

ပန်ဝါမြို့အနီးက မြေရှားသတ္တု တူးဖော်ရေးလုပ်ကွက်တစ်ခုမှာ အလုပ်လုပ်ကိုင်နေတဲ့ အလုပ်သမားတစ်ဦးက သူတို့ လုပ်ကွက်က ပိတ်ထားတာ တစ်ပတ်လောက်ရှိပြီလို့ ပြောပါတယ်။

“စစ်ကောင်စီ လာစစ်မယ်တဲ့။ အဲဒါကြောင့် အကုန် နားထားတာ တစ်ပတ်လောက်ရှိပြီ။ မြေရှားသတ္တု တူးတဲ့ဟာတွေ အကုန်လုံးနီးပါးနားနေကြတယ်။ အလုပ်သမားတွေလည်း တချို့က ပြန်သွားကြပြီ။ တချို့ကတော့ ရှိနေကြသေးတယ်။  သူတို့ပြန်သွားရင်တော့ ပြန်အလုပ်လုပ်ရမယ်လို့ ပြောတယ်”

နောက်ထပ် ပန်ဝါဒေသခံတစ်ဦးကလည်း မြေရှားသတ္တု တူးဖော်တဲ့နေရာက တရုတ်လူမျိုးတွေတောင် ပြန်သွားကြတာတွေ ရှိတယ်လို့ ပြောပါတယ်။

“ပိတ်ထားတာက နှစ်ပတ်လောက်ရှိပြီပေါ့။ တစ်ခုက တစ်ပတ်လောက်ရှိပြီ။  တရုတ်တွေတောင် အယောက် ၅၀ လောက် ပြန်သွားပြီ။ ဂိတ်မှာ ကားအဝင်အထွက်ကလည်း သိပ်မရှိတော့တာ တစ်လလောက် ရှိပြီ။ မြန်မာ အလုပ်သမားတွေ တချို့ပြန်တဲ့ သူတွေကလည်း ၈ လပိုင်းက လစာတောင် မရဘဲ ပြန်သွားကြတာလည်းရှိတယ်"

စစ်ကောင်စီရဲ့ ကချင်ပြည်နယ်ပြောရေးဆိုခွင့်ရှိသူ လူမှုရေးဝန်ကြီး ဦးဝင်းရဲထွန်းကလည်း နဂိုကတည်းက  ခွင့်မပြုပေးထားတဲ့အတွက် အခုအခြေအနေက အရေးယူမှာကို ကြောက်လို့ ပိတ်ကြတာဖြစ်တယ်လို့ ပြောပါတယ်။

“ကျွန်တော်တို့ အစိုးရက ဒါက လက်မှမခံတာ။ တရားဝင်ပေးထားတာလည်းတစ်ခုမှ မပါဘူးလေ။ အရေးယူမှာ ပြောလို့ သိမ်းတာဖြစ်မှာပေါ့။ ဒါတရားမဝင်လုပ်နေတဲ့သူ တွေပဲလေ။ အစိုးရအနေနဲ့ကတော့ သတိတော့ ပေးထားပြီးပြီ။ ဒါတွေ ဆက်ပြီး မလုပ်ဖို့ပြောထားတယ်။ မဟုတ်ရင် တိုင်းပြည်က နစ်နာတယ်လေ။  သဘာဝ ပတ်ဝန်းကျင်တွေ ပျက်စီးတယ် ခိုးတူးနေကြတဲ့အခါကျတော့”

ပန်ဝါဒေသက မြေရှားသတ္တုလုပ်ကွက်တွေကို စစ်ဆေးရေးဝင်နေလို့ စက်တင်ဘာ ၄ ရက်နေ့က ပိတ်ထားတဲ့ အတွက် တရုတ်မှာ မြေရှားသတ္တု ဈေးတွေတက်နေတယ်လို့ ရိုက်တာသတင်းဌာန စက်တင်ဘာ ၇ ရက်နေ့က ရေးထားပါတယ်။

ကချင်ပြည်နယ်မှာ တရားမဝင် မြေရှားသတ္တု တူးဖော်တာတွေ အာဏာသိမ်းပြီးနောက်ပိုင်း ပိုများလာတာဖြစ်ပြီး ၂၀၂၁ ခုနှစ် တစ်နှစ်လုံးမှာ မြန်မာနိုင်ငံကနေ တရုတ်နိုင်ငံကို တင်ပို့ ခဲ့တဲ့ မြေရှားသတ္တု အမေရိကန်ဒေါ်လာ သန်း ရှစ်ရာကျော်ဖိုးရှိခဲ့ပါတယ်။ ၂၀၂၂ ခုနှစ်မှာ တော့ သန်း ခြောက်ရာကျော်ဖိုး ရှိခဲ့ပါတယ်။ အခု ၂၀၂၃ ခုနှစ်မှာတော့ ပထမခြောက်လ မှာတင် ဒေါ်လာ သန်း ရှစ်ရာ ဖိုးရှိနေပြီလို့ တရုတ် အကောက်အခွန်ဌာန (China Customs) ရဲ့ စာရင်းတွေအရ သိရပါတယ်။ 

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။