မြောက်ဦးနဲ့ ရသေ့တောင်မှာ လက်နက်ကြီးကျည်ကြောင့် ကလေးတစ်ဦးအပါအဝင် နှစ်ဦးသေဆုံး
2020.10.20
ကပ်ဘေးကာလ ရခိုင်ပြည်နယ်မှာ နှစ်ဘက်လက်နက်ကိုင်ပဋိပက္ခတွေအတွင်း ကလေးတွေအပါအဝင် သာမန် ဒေသခံအရပ်သားတွေ ထိခိုက်သေဆုံးမှု ဆက်ဖြစ်နေပါတယ်။ မနေ့က တရက်တည်းမှာတင် မြောက်ဦးမြို့နယ်နဲ့ ရသေ့တောင်မြို့နယ်တွေမှာ လက်နက်ကြီးကျည်တွေကြောင့် အသက် ၉ နှစ်အရွယ် ကလေးငယ်တစ်ဦး အပါအဝင် ၂ ဦး သေဆုံးပြီး၊ ၂ ဦး ဒဏ်ရာရရှိခဲ့တာပါ။
ရခိုင်ပြည်နယ် မြောက်ဦးမြို့ ထမ္မရာဇ်မြို့သစ်ရပ်ကွက်က အိမ်ခြံဝင်းထဲကို မနေ့ညနေက လက်နက်ကြီးကျည် တစ်လုံးပေါက်ကွဲလို့ ကလေးတစ်ဦး ပွဲချင်းပြီးသေဆုံးပြီး၊ လူကြီးနှစ်ဦး ထိခိုက်ဒဏ်ရာ ရခဲ့ပါတယ်။
သေဆုံးသွားတဲ့ကလေးဟာ အသက် ၉ နှစ်အရွယ် မောင်မျိုးအောင်ဋ္ဌေးဖြစ်ပါတယ်။ ကလေးရဲ့အဖေ အသက် ၄၄ နှစ်အရွယ် ဦးကျန်မြင့်နဲ့ ခြံချင်းကပ်လျက် အိမ်က အသက် ၅၁ နှစ်အရွယ် ဒေါ်ဦးသန်းယဉ် တို့ နှစ်ဦးက တော့ ဒဏ်ရာတွေ ရခဲ့ကြပြီး၊ အခု မြောက်ဦးဆေးရုံမှာ ဆေးကုသမှုခံယူနေပါတယ်။
အိမ်ရှေ့မှာ ဟင်းရွက်သင်နေကြတုန်း ခြံထဲ လက်နက်ကြီးကျည်ကျပြီး ပေါက်ကွဲခဲ့တာလို့ သေသွားတဲ့ကလေး ရဲ့အကို ကိုစိုးဦးရွှေက RFA ကို ပြောပါတယ်။
“ညနေ ၄ နာရီကျော်လောက်မှာ အိမ်ရှေ့ကို လက်နက်ကြီးတစ်လုံးကျလာပါတယ်။ ကျနော့်ညီလေးကတော့ အဲဒီနေရာမှာတင် ပွဲချင်းပြီး ဆုံးသွားတယ်။ ညီလေးက ရွာထဲမှာဆော့ပြီး အိမ်ကိုအပြန်၊ အဖေကလည်း တောင်ပေါ်ကနေအပြန်၊ အိမ်ရှေ့မှာ ဟင်းရွက်သင်နေတဲ့ကြားထဲ လာကျတာ။ အဖေ့ညာဘက်လက် ဒဏ်ရာ က ပြင်းတယ်။ ညာဘက်ခြေထောက်မှာလည်း ဒဏ်ရာများတယ်။ လည်ပင်းမှာတော့ ဒဏ်ရာသိပ်မများဘူး။”
လက်နက်ကြီးကျည်ကျတဲ့အိမ်ကို ရဲတပ်ဖွဲ့နဲ့ တပ်မတော်တာဝန်ရှိသူတွေ ရောက်လာပြီး ဖြစ်စဉ်ကို မှတ်တမ်း တင်တာ၊ မိသားစုကိုမေးမြန်းတာတွေလုပ်ပြီး လက်နက်ကြီးအစတွေကိုပါ သိမ်းယူသွားတယ်လို့ ဆိုပါတယ်။
မြောက်ဦးမြို့မရဲစခန်းကို RFA က ဆက်သွယ်မေးမြန်းရာမှာ ဖုန်းကိုင်ပေမဲ့ ဖြေဆိုမှုမရှိခဲ့ပါဘူး။
ထမ္မရာဇ်မြို့သစ်ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးအောင်သောင်းထွန်းက အဲ့ဒီလက်နက်ကျည်ဟာ ဘယ်ကနေ ဘယ်လိုကျပြီး ပေါက်ကွဲသလဲဆိုတာ အတည်မပြုနိုင်သေးဘူးလို့ ပြောပါတယ်။
“ဘယ်ကပစ်တဲ့ လက်နက်ကျည်လဲဆိုတာ အတည်ပြုလို့မရသေးပါဘူး။ အနီးဝန်းကျင်မှာရှိတဲ့ လူတွေပြောတာ ကတော့ လက်နက်ကြီးတစ်လုံးကျလာတယ်။ ကလေးကတော့ ပွဲချင်းပြီးဆုံးတာပေါ့။ ကလေးအဖေက ဒဏ်ရာ ရတယ်။ ခြံချင်းကပ်လျက်အိမ်က အမျိုးသမီးလည်း လက်မောင်းမှာ ကျည်စထိမှန်သွားတယ်။ ထူးခြားဖြစ်စဉ် တင်ပြချက်မှာလည်း ဘယ်ကပစ်မှန်းမသိတဲ့ လက်နက်ကြီးကျည်တစ်လုံးကျလာလို့ သေဆုံးဒဏ်ရာ ရကြတယ် ဆိုပြီး ဒီလိုပဲ မြို့နယ်အုပ်ချုပ်ရေးမှူးရုံးကို တင်ပြထားပါတယ်။”
အလားတူပဲ ရသေ့တောင်မြို့နယ် ရွာသစ်ကေရွာက အသက် ၂၁ နှစ်အရွယ် ဦးမျိုးဆက်နိုင်ဦး (ခေါ်) ဦးမောင်မောင်ဦး ဆိုတဲ့ မူလတန်းပြကျောင်းဆရာတစ်ဦးဟာလည်း မနေ့နေ့လယ်က လက်နက်ကြီးအစ ထိမှန် ပြီး သေဆုံးသွားပါတယ်။
ဒဏ်ရာပြင်းထန်တဲ့အတွက် စစ်တွေဆေးရုံကို ပို့နေတုန်းမှာပဲ သေဆုံးသွားတာလို့ ရသေ့တောင်မြို့နယ် ပညာရေးမှူး ဒေါ်နုနုသာက RFA ကို ပြောပါတယ်။
“သူဟာ မနေ့က ရသေ့တောင်မြို့ပေါ်နဲ့ တစ်မိုင်ကျော်လောက်ဝေးတဲ့ ရွာသစ်ကေ သူ့ရဲ့ဇာတိရွာ အဲဒီရွာပြင်မှာ နွားကိုရေတိုက်ပြီး နွားလွှတ်ပြီးတော့ ပြန်လာတဲ့အချိန်မှာ လက်နက်ကြီးကျပြီးတော့ မျက်လုံးကတဆင့် ဦးနှောက်ထဲကို ဝင်သွားပြီးတော့ စစ်တွေကိုပို့တဲ့အချိန် လမ်းမှာပဲ ဆုံးသွားပါတယ်။ ဒီလိုဝန်ထမ်းတစ်ယောက် ဆုံးရှုံးတဲ့အတွက် ဌာနအနေနဲ့လည်း အင်မတန် စိတ်မကောင်းဖြစ်ရတယ်။ နောက်ပြီးတော့လည်း ဒီကလေးတွေက ဒေသခံဆရာလေးတွေဖြစ်တဲ့အတွက် ဒေသအတွက်လည်းတော်တော်အကျိုးပြုမယ့် ကလေးတွေဖြစ်ပါ တယ်။ အဲဒါကြောင့် ပိုပြီးတော့ ကျမတို့က ဝမ်းနည်းရပါတယ်”
သူဟာ ရသေ့တောင်မြို့နယ် ငစင်ဘော်ရွာမှာ တာဝန်ကျနေတဲ့ ကျောင်းဆရာတစ်ဦးဖြစ်ပြီး ကပ်ဘေးကြောင့် ကျောင်းတွေပိတ်ထားလို့ သူ့ဇာတိ ရွာသစ်ကေရွာမှာ မိသားစုနဲ့ အတူနေနေတာလို့ သိရပါတယ်။
ရသေ့တောင်မြို့နယ်မြောက်ပိုင်းက ရက္ခိုင့်တပ်တော် (AA) ရှိတဲ့ တောင်တန်းတွေကို တပ်မတော်က လက်နက် ကြီးတွေနဲ့ နေ့ရောညရော ပစ်နေပြီး၊ မနေ့က ရွာသစ်ကေရွာနားကိုကျတဲ့ လက်နက်ကြီးကျည်ဟာလည်း တပ်မတော်ဘက်က ပစ်တဲ့ လက်နက်ကြီးဖြစ်နိုင်တယ်လို့ ဒေသခံတွေက ယူဆကြပါတယ်။
ဒီအချက်အပါအဝင် မြောက်ဦးနဲ့ ရသေ့တောင်မြို့နယ်တွေမှာ မနေ့ကဖြစ်ရပ်နဲ့ပတ်သက်ပြီး တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ ဥက္ကဋ္ဌ ဗိုလ်ချုပ်ဇော်မင်းထွန်း ကို RFA က ဆက်သွယ်မေးမြန်းတဲ့အခါမှာ …..
“အဲ့ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ ကျနော်တို့လည်း သတင်းတက်နေတဲ့ဟာကိုတော့ ကျနော်တို့ သိရတယ်။ မြေပြင်အခြေအနေကိုတော့ မသိရဘူး။ သူတို့အနေနဲ့ကတော့ ဒါ စွပ်စွဲမှာပဲပေါ့နော်။ လက်နက်ကြီးကျလို့ သေ တယ်။ တပ်ကပစ်လို့ သေတယ်ဆိုတာမျိုးကတော့ ဒါ စွပ်စွဲမှာပဲ။ လက်နက်ကြီးကြောင့် သေတာလည်း ဟုတ်ချင်မှဟုတ်မယ်။ မိုင်းကြောင့်သေတာမျိုးလည်း ဖြစ်နိုင်တယ်။ သေတယ်ဆိုတဲ့ဟာကိုတော့ သတင်းတွေ အရတော့ ပြောနိုင်တယ်။ သို့သော် ဘယ်သူ့လက်နက်ကြီးကြောင့်လို့တော့ ယတိပြတ်တော့ ပြောလို့မရပါဘူး။”
ရခိုင်မြောက်ပိုင်းမှာ တပ်မတော်နဲ့ ရက္ခိုင့်တပ်တော်တို့ တိုက်ပွဲတွေပြင်းထန်နေဆဲဖြစ်သလို အရပ်သားတွေဟာ လည်း နည်းလမ်းမျိုးစုံနဲ့ ထိခိုက်ခံနေရတာတွေ လျော့မသွားပါဘူး။
မနေ့က ကလေးတစ်ဦးသေဆုံးခဲ့ရတဲ့ မြောက်ဦးမြို့က ထမ္မရာဇ်မြို့သစ်ရပ်ကွက်မှာနေတဲ့ ကိုစံသိန်းကတော့ အရပ်သားတွေဟာ အချိန်မရွေး ထိခိုက်နိုင်ခြေရှိနေတာ၊ တပ်မတော်စစ်ကြောင်းတွေရဲ့ သံသယနဲ့ ဖမ်းဆီးခံရတာတွေ ရှိနေလို့ လုံခြုံမှုမရှိဘူးလို့ ပြောပါတယ်။
“တိုက်ပွဲမရှိရင်တောင်မှ လက်နက်ကြီးတွေနဲ့ လှမ်းပြီး ပစ်နေတာ တွေ့ရတယ်။ လက်နက်ကြီးတွေက လမ်းဘေးနားတွေမှာ လာကျတယ်။ လယ်ပြင်တွေမှာလည်း လာကျတယ်။ အခုလည်း တိုက်ပွဲဖြစ်တာမရှိဘဲနဲ့ အိမ်ကို လာကျပြီးကွဲတာ။ ကျနော်တို့က လုံခြုံမှု မရှိတော့ဘူး။ အပြင်ကိုသွားရင်လည်း စစ်ကြောင်းအဝင်အထွက်တွေ၊ ပေါက်သံတွေ၊ ပစ်သံတွေကို နားထောင်ပြီးတော့မှ သွားရတယ်။ အရေးတကြီး မလွဲမရှောင်သာ သွားရတဲ့အခါ စစ်ကြောင်းတွေ သွားလာတာရှိလား၊ လမ်းသွားလမ်းလာတွေကို စစ်ဆေးသလား အဲ့ဒါတွေကို နားစွင့်ပြီးတော့ မှ သွားကြရတော့တာ”
မြောက်ဦးမြို့နယ်က ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းသာစိန်ကလည်း ကလေးငယ်တွေနဲ့ အရပ်သားတွေဟာ လုံခြုံမှု ပိုကင်းမဲ့လာနေလို့ အပစ်အခတ်တွေ ရပ်စဲပြီး ငြိမ်းချမ်းရေးဆွေးနွေးကြဖို့ တိုက်တွန်းထားပါတယ်။
“ဒေသခံတွေကတော့ စိုးရိမ်မှုတွေ အများကြီးမြင့်တက်နေကြတယ်။ ဘာကြောင့်လဲဆိုတော့ မိမိအိမ်တွင်းမှာ နေပြီးတော့၊ မိမိရဲ့ခြံဝင်းထဲမှာနေပြီးတော့ မိမိတို့ကိုယ်ကို မိမိတို့ မလုံခြုံနိုင်တော့ဘူးလို့ပဲ ခံစားနေကြရတယ်။ အဲဒါကြောင့် သက်ဆိုင်တဲ့လူတွေကိုပြောချင်တာက အပစ်အခတ်ရပ်စဲပြီးတော့ စားပွဲဝိုင်းနိုင်ငံရေးထဲမှာ ကျေကျေလည်လည်ဆွေးနွေးပြီးမှ အဖြေထုတ်ကြပါလို့ပဲ ကျွန်တော်တို့ တိုက်တွန်းချင်တယ်”
RFA က စုဆောင်းရရှိထားတဲ့ အချက်အလက်တွေအရ ရခိုင်မြောက်ပိုင်းနဲ့ ချင်းပြည်နယ် ပလက်ဝမြို့နယ်တွေမှာ ပြီးခဲ့တဲ့ ၂ဝ၁၈ ဒီဇင်ဘာလကနေ မနေ့ကအထိ သေဆုံးတဲ့ အရပ်သား ၃ဝ၂ ဦးနဲ့ ထိခိုက်ဒဏ်ရာရသူပေါင်းက ၆၇ဝ အထိ ရှိနေပါတယ်။
ဒီအထဲမှာ အသက် ၁၈ နှစ်အောက် လသားအရွယ်အထိ သေဆုံးတဲ့ ကလေးဦးရေ ၄၅ ဦးရှိပြီး ထိခိုက်ဒဏ်ရာရတဲ့ ကလေးက ၁၃၆ ဦးအထိ ရှိပါတယ်။
မြန်မာနိုင်ငံမှာ ကလေးသူငယ် သေဆုံး၊ ဒဏ်ရာရရှိမှုတွေဟာ ကြောက်ခမန်းလိလိ တိုးများနေတဲ့အပေါ် အလွန်စိုးရိမ်မိကြောင်း၊ ၂ဝ၂ဝ ပထမသုံးလမှာ ပဋိပက္ခအတွင်း သေဆုံးသူ ဒါမှမဟုတ် ကိုယ်လက်အင်္ဂါ ချို့ယွင်းခဲ့ရသူ ၁ဝဝ ကျော် ရှိခဲ့တာကြောင့် ဒါဟာ ၂ဝ၁၉ ခုနှစ်က စုစုပေါင်းအရေအတွက်ထက် ထက်ဝက်ကျော် ပိုများနေ တယ်လို့ ရခိုင်ပြည်နယ်က ကလေးတွေသေဆုံးမှုနဲ့ ပတ်သက်လို့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂရဲ့ နိုင်ငံအဆင့် စောင့်ကြည့်ရေးနဲ့ အစီရင်ခံရေး အထူးတာဝန်အဖွဲ့ (CTFMR) ရဲ့ အောက်တိုဘာလ ၁၄ ရက်နေ့က ထုတ်ပြန်ချက်မှာ ပြောဆိုထားပါတယ်။