ရသေ့တောင်နယ်မှာ လက်နက်ကြီးကြောင့် ၁၃ နှစ်မိန်းကလေး သေဆုံး
ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ် ပြိန်တောရွာမှာ အောက်တိုဘာ ၁၉ ရက် ဒီနေ့မနက် ၁၁ နာရီလောက်က ရွာထဲကို လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲတာကြောင့် အသက် ၁၃ နှစ်အရွယ် မငြိမ်းအေးဇံ သေဆုံးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
တိုက်ပွဲဖြစ်တာမရှိဘဲ ရေစိုးချောင်းဗျူဟာ စစ်ကောင်စီတပ်စခန်းကနေ လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။
“၁၁ နာရီလောက်မှာ ရွာထဲကို လက်နက်ကြီး လေးလုံးကျတယ်။ တိုက်ပွဲဖြစ်တာလည်း မရှိဘူး။ ရေစိုးချောင်းဗျူဟာကနေ ပစ်တာ။ အဲဒီမှာ နေအိမ်ထဲမှာကျလို့ ကလေးတစ်ယောက် ပွဲချင်းပြီးသေသွားတယ်။ သူရဲ့ နောက်ကျော ပွင့်ထွက်သွားတယ်”
စစ်ကောင်စီတပ်ဘက်က ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကျည်လို့ ဒေသခံတွေက ပြောပေမယ့် RFA အနေနဲ့ သီးခြားအတည်ပြုနိုင်ခြင်း မရှိပါဘူး။
မင်းပြားနဲ့ ကျောက်တော်မြို့နယ်မှာလည်း ပြီးခဲ့တဲ့ အောက်တိုဘာလ ၁၇ ရက်နေ့က စစ်ကောင်စီတပ်ဘက်က ပစ်ခတ်တဲ့ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲလို့ အမျိုးသမီးလေးဦးသေဆုံးပြီး ၁၀ ဦး ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက RFA ကိုပြောပါတယ်။
အခုလို လက်နက်ကြီးကြောင့် ဒေသခံတွေ သေဆုံးနေတာနဲ့ ပတ်သက်လို့ စစ်ကောင်စီရဲ့ ရခိုင်ပြည်နယ် ပြောခွင့်ရ ပြည်နယ်ဥပဒေချုပ် ဦးလှသိန်းကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်မေးမြန်းခဲ့ပေမယ့် ဖုန်းလက်ခံ ဖြေကြားတာမရှိပါဘူး။
ရခိုင်ပြည်နယ်မှာ စစ်ကောင်စီတပ်နဲ့ ရက္ခိုင့်တပ်တော် (AA) တို့ တစ်ကျော့ပြန် တိုက်ပွဲဖြစ်တာ သုံးလအထိ ရှိသွားပြီဖြစ်သလို ဒေသခံတွေ ထိခိုက်သေဆုံးမှုလည်း တိုးလာနေပါတယ်။
RFA က သီးသန့်ပြုစုထားတဲ့ စာရင်းတွေအရ ဒီသုံးလတာကာလအတွင်း လက်နက်ကြီး၊ မိုင်းနဲ့ ပေါက်ကွဲစေတတ်တဲ့ စစ်လက်နက်ပစ္စည်းတွေကြောင့် ဒေသခံ ၁၆ ဦးသေဆုံးခဲ့ပြီး ဒဏ်ရာရသူ ၅၇ ဦးအထိ ရှိသွားပြီဖြစ်ပါတယ်။
သေဆုံးခဲ့တဲ့အထဲမှာ အသက် ၁၈ နှစ်အပြည့်သေတဲ့ ကလေးခြောက်ဦးပါဝင်ပြီး ဒဏ်ရာရတဲ့ ကလေးကတော့ ခြောက်ဦးရှိပါတယ်။