ရသေ့တောင် ရဲကင်းစခန်းတစ်ခု တိုက်ခိုက်ခံရ


2020.06.13

ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ် ဒုံးပိုက်ကျေးရွာအနီးက ရဲကင်းစခန်း ဒီနေ့မနက် တိုက်ခိုက်ခံခဲ့ရပါတယ်။

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ် ဒုံးပိုက်ကျေးရွာနားက ရဲကင်းစခန်းကို မနက် ၅ နာရီလောက်မှာ တိုက်ခိုက်ခံရတဲ့ အသံတွေကြားရပြီး နီးစပ်ရာကျေးရွာတွေဆီ အရပ်သားတွေ ထွက်ပြေးနေရပါတယ်။

ရသေ့တောင်မြို့နယ် အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးခင်မောင်လတ်က အတိုက်ခံရတဲ့ ရဲစခန်းနဲ့ရွာနဲ့က မလှမ်းမကမ်းမှာရှိနေပြီး မနက် ၇ နာရီလောက်မှာ သေနတ်သံတွေ တိတ်သွားတယ်လို့ ပြောပါတယ်။

သေနတ်သံတွေကြားတာကြောင့် ဘာမှကို မသယ်နိုင်ဘဲ ရွာသားတွေ  ထွက်ပြေးခဲ့ရတယ်လို့ ဒုံးပိုက်ကျေးရွာ က လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ယောက်က ပြောပါတယ်။

"ရွာက ရွာသားတွေကတော့ နီးစပ်ရာကျေးရွာတွေကို ထွက်ပြေးသွားကြတယ်။ ကြောက်လန့်ပြီးတော့ အပြင်ကိုထွက်ပြေးသွားကြတာ။ ရွာအနီးအနားက အောင်ဗလ၊ ဆင်သစ်၊ လောင်းချောင်း အဲဒီရွာဘက်တွေကို ထွက်ပြေးသွားကြတယ်။ မိသားစု၊ ဆွေမျိုးတွေရှိတဲ့နေရာတွေကို ထွက်ပြေးသွားကြတယ်။ ရွာမှာကျန်တဲ့ သူတွေလည်း ကျန်လိုက်သေးတယ်။ အများကြီးကတော့ ထွက်ပြေးသွားကြတယ်။ ဘယ်လောက်ထွက်ပြေး သွားတယ် ဆိုတာကိုတော့ အတိအကျမသိဘူး။ တစ်ယောက်အိမ်နဲ့ တစ်ယောက်အိမ်ကဝေးတော့ ဟိုအိမ်မှာ လူရှိလား ဒီအိမ်မှာလူရှိလား မသိရဘူး။ ရှိတဲ့လူတွေကလည်း အပြင်ကိုထွက်ပြီးတော့ မလေ့လာကြည့် ရဲဘူးလေ"

ရဲကင်းစခန်းကို ဝင်ရောက်တိုက်ခိုက်တဲ့အဖွဲ့က ဘယ်အဖွဲ့ဆိုတာ တိတိကျကျ မပြောနိုင်ဘူးလို့ ပြောကြပါတယ်။

ဒုံးပိုက်ကျေးရွာမှာ အိမ်ခြေ ၂၀၀ ကျော်ရှိပြီး ဒေသခံအယောက် တစ်ထောင်လောက် ထွက်ပြေးနေရတာပါ။ အဲဒီကျေးရွာကို တပ်မတော်က ရောက်လာတာမတွေ့ဘူးလို့ ပြောပါတယ်။

ရသေ့တောင်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးအောင်မြင့်သိန်းက ဒုံးပိုက်ရဲကင်းစခန်းတိုက်ခိုက်ခံရတာ ဟုတ်မှန်ကြောင်း အတည်ပြု ပြောဆိုပေမယ့် ဘယ်အဖွဲ့က တိုက်ခိုက်တယ်ဆိုတာနဲ့ အသေးစိတ်အချက်အလက်တွေကို မသိရသေးဘူးလို့ ပြောပါတယ်။

ရဲကင်းစခန်း တိုက်ခိုက်ခံရတာနဲ့ ထိခိုက်ဒဏ်ရာရတဲ့ အခြေအနေတွေကို မေးမြန်းဖို့အတွက် တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့က ဗိုလ်မှူးချုပ် ဇော်မင်းထွန်းကို RFA က ဆက်သွယ်ပေမယ့် ဖုန်းလက်ခံဖြေ ကြားတာ မရှိပါဘူး။

ရသေ့တောင်မြို့နယ်ဟာ တပ်မတော်နဲ့ AA အဖွဲ့တွေ တိုက်ပွဲဖြစ်ပွားနေတဲ့ မြို့နယ်တွေထဲက တစ်ခုအပါအဝင် ဖြစ်ပါတယ်။ ဒါကြောင့် ရဲကင်းစခန်းကို AA အဖွဲ့က တိုက်ခိုက်ခဲ့လားဆိုတာကို မေးမြန်းဖို့ AA ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခကို မေးမြန်းခဲ့ပေမယ့် ညနေ ၅ နာရီခွဲအထိ တစ်စုံတစ်ရာ တုံ့ပြန်ပြောဆိုတာ မရှိသေးပါဘူး။

ပြီးခဲ့တဲ့ မေ ၂၉ ရက်တုန်းကလည်း ရသေ့တောင်မြို့နယ် သဇင်မြိုင်နယ်ခြားစောင့် ရဲစခန်းကို ရက္ခိုင့်တပ်တော် AA က ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး ရဲတပ်ဖွဲ့ဝင် ၁၀ ယောက်နဲ့ ကလေး တစ်ယောက် အပါအဝင် ရဲတပ်ဖွဲ့ မိသားစုဝင် သုံးဦးကို AA က ဖမ်းဆီးသွားခဲ့ကြောင်း တပ်မတော်က ထုတ်ပြန်ထားပါတယ်။ နောက်ရက်မှာတော့ ရဲတပ်ဖွဲ့ မိသားစုဝင် သုံးဦးကို ပြန်လွှတ်ပေးခဲ့ပါတယ်။

ကျန်ရှိနေတဲ့ ရဲတပ်ဖွဲ့ဝင်တွေကတော့ ဒီနေ့အချိန်ထိ ပြန်လည်လွတ်မြောက်လာခြင်း မရှိသေးပါဘူး။

ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမြို့နယ်မှာလည်း ပြီးခဲ့တဲ့ ဇွန် ၁၁ ရက်က မြို့မဈေးရှေ့မှာ တပ်မတော် အရာရှိ တစ်ယောက် ဓားနဲ့ထိုးခံရပြီး စစ်သည်တစ်ယောက်ကို AA က ဖမ်းဆီးခေါ်ဆောင်သွားကြောင်း တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့က ထုတ်ပြန်ထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။