ရသေ့တောင်မှာ မုန်တိုင်းကြောင့် ကျွဲ၊ နွားအကောင်ရေ ထောင်နှင့်ချီ သေဆုံး

RFA Burmese
2023.05.19
ရသေ့တောင်မှာ မုန်တိုင်းကြောင့် ကျွဲ၊ နွားအကောင်ရေ ထောင်နှင့်ချီ သေဆုံး မိုခါမုန်တိုင်းကြောင့် ရသေ့တောင်မြို့နယ်အတွင်း သေဆုံးနေသည့် ကျွဲ၊ နွားများကို ၂၀၂၃ ခုနှစ် မေလ ၁၅ ရက်နေ့က တွေ့ရစဉ်။
ဝေဟင်အောင်

ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်မှာ မေလ ၁၄ ရက်နေ့က တိုက်ခတ်ခဲ့တဲ့ အင်အားပြင်း မိုခါ ဆိုင်ကလုန်း မုန်တိုင်းကြောင့် ကျွဲ၊ နွားအကောင်ရေ ထောင်နဲ့ချီ သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ရသေ့တောင်မြို့နယ်ထဲက ဒုံးပိုက်၊ ဆင်ပိုက်၊ ကိုးတန်ကောက်စတဲ့ ရွာပေါင်း ကိုးရွာကျော်ကနေ ကောက်ယူထားတဲ့ စာရင်းတွေ ဖြစ်တယ်လို့ ဆိုပါတယ်။

မုန်တိုင်းသတင်းကြောင့် ဒေသခံတွေကို ဘေးလွတ်ရာ ရွှေ့ပြောင်းခဲ့ပေမယ့် အိမ်မွေးတိရိစ္ဆာန်တွေကို မရွှေ့ပြောင်းနိုင်ခဲ့လို့ အခုလို ထောင်နဲ့ချီ သေဆုံးခဲ့တာလို့ ရသေ့တောင် ဒေသခံ ကိုစန်းထွေးက RFA ကို ပြောပါတယ်။

"ကျွန်တော်တို့ရတဲ့ အချက်အလက်အရ ဆိုရင် သုံးထောင်နီးပါး ရှိနေပြီ။ လူတွေကတော့ မုန်တိုင်း Shutter တွေ၊ ဘုန်းကြီးကျောင်းတွေကို ရွှေ့ပြောင်းခဲ့ကြပေမယ့် တိရိစ္ဆာန်တွေကိုကျ ကြိုးဖြေပြီး အိမ်မှာထားခဲ့ကြရတာပေါ့။ ရေတွေတက်လာရင်လည်း ကြိုးဖြေထားတော့ လွတ်တဲ့နေရာ ရှောင်လို့ရအောင် ထားခဲ့ပေမယ့် တော်တော်များများ သေကုန်ကြတယ်"

ရသေ့တောင်မြို့နယ်မှာ ဖုန်းနဲ့ အင်တာနက်လိုင်း ဆက်သွယ်ရေးတွေ မကောင်းမွန်သေးတာကြောင့် ကျန်ရှိနေတဲ့ ရွာတွေကို စာရင်းကောက်ယူနေဆဲ ဖြစ်လို့ ဒီထက်ပိုလာနိုင်တယ်လို့လည်း ဆိုပါတယ်။

မေလ ၁၄ ရက်နေ့က တိုက်ခိုက်ခဲ့တဲ့ မိုခါ မုန်တိုင်းကြောင့် စစ်တွေ၊ ကျောက်ဖြူ၊ ရသေ့တောင်၊ ဘူးသီးတောင်စတဲ့ မြို့နယ်တွေမှာ သာသနိက အဆောက်အအုံ၊ စာသင်ကျောင်း၊ ဆေးရုံနဲ့ လူနေအိမ်တွေအပါအဝင် ၉၀ ရာခိုင်နှုန်းကျော် ပျက်စီး သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

အဲဒီမုန်တိုင်းကြောင့် ရသေ့တောင်မြို့နယ်ထဲမှာ အသက်အရွယ်အတိအကျ မသိရသေးတဲ့ အမျိုးသား၊ အမျိုးသမီး ၁၃ ဦးအထိ သေဆုံးခဲ့ရပြီး လေးဆယ်ထက်မနည်းလည်း ထိခိုက်ဒဏ်ရာ ရခဲ့တယ်လို့ ဆိုပါတယ်။

ရသေ့တောင် မြို့နယ် အပါအဝင် မိုခါမုန်တိုင်းတိုက်ခတ်ခံခဲ့ရတဲ့ ရခိုင်ပြည်နယ်က မြို့နယ် ၁၇ ခုကို သဘာဝဘေး အန္တရာယ် ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေ ပုဒ်မ-၁၁ အရ သဘာဝဘေး အန္တရာယ်ကျရောက်တဲ့ဒေသတွေအဖြစ် စစ်ကောင်စီက မေလ ၁၅ ရက်မှာ ထုတ်ပြန်ခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။