တပ်ကပစ်ခတ်မှုကြောင့် ရသေ့တောင် ဒေသခံ ငါးဦး ထိခိုက်ဒဏ်ရာရ
2020.05.31
ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ် မေယုမြစ်အတွင်း မနေ့ညက ခုတ်မောင်းသွားတဲ့ တပ်မတော်ရေယာဉ်ကနေ ကမ်းဘေးက ကျေးရွာတချို့ကို ပစ်ခတ်ခဲ့လို့ အရပ်သား ငါးဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ လူမှုကူညီရေးအဖွဲ့တွေနဲ့ ဒေသခံတွေက ပြောပါတယ်။
မေလ ၃၀ ရက် စနေနေ့ညက သောင်းဒရားရွာအနီး မေယုမြစ်ကြောင်းတလျှောက် ခုတ်မောင်းသွားတဲ့ တပ်မတော်ရေယာဉ်ကနေ မြစ်အနောက်ဘက်ကမ်းက ရွာတချို့ကို လှမ်းပစ်ခဲ့တာလို့ ရခိုင်တိုင်းရင်းသား မျိုးနွယ်စုများအစည်းအရုံး REC က ပြောပါတယ်။ ရွာ ငါးရွာက နေအိမ်တချို့ပျက်စီးပြီး၊ ၉ တန်းကျောင်းသား တစ်ဦး အပါအဝင် အရပ်သား ငါးဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ REC အတွင်းရေးမှူး ကိုဇော်ဇော်ထွန်းက RFA ကို ပြောပါတယ်။
“သောင်းဒရားကျေးရွာကနေ အဲဒီမေယုမြစ်အတိုင်းဖြတ်ပြီး ပစ်ခတ်သွားတာ ကျေးရွာ ငါးရွာလောက် ထိသွားတယ် မြစ်ရဲ့ အနောက်ဘက်ကမ်းကိုပဲ ရွေးပစ်သွားတာ၊ ဘာ့ကြောင့်လဲဆိုတော့ တစ်ခြားနေရာက ဒေသခံတွေ မရှိတော့ဘူး၊ အကုန်ထွက်ပြေးကုန်ကြပြီ မီးရှို့ခံရတဲ့ ရွာတွေလည်းပါတယ်။ အဲရွာတွေမှာ လူတွေရှိနေတယ်၊ တပ်မတော်က ဒီရွာတွေမှာ အေအေဖက်ကလူတွေ ခိုလှုံနေတယ်ဆိုပြီးတော့များ တိုက်ခိုက်သွားလား ဒါလဲ ယူဆချက်ပါ”
ကံပြင်စစ်ဘေးရှောင်စခန်း၊ စဖိုကျွန်း၊ အောင်ဇေကုန်းကျေးရွာတွေက တစ်ဦးစီနဲ့ ဒိုးဝေချောင်း ကျေးရွာက နှစ်ဦး ကျည်ဆံထိမှန်ခဲ့ကြတာ ဖြစ်ပါတယ်။ ဒဏ်ရာရသူ ငါးဦးထဲက စစ်ဘေးဒုက္ခသည်စခန်းက တစ်ဦးကတော့ ဒဏ်ရာမပြင်းထန်ဘဲ ကျန်တဲ့ ဒေသခံ လေးဦးကတော့ စေတီပြင်တိုက်နယ်ဆေးရုံကို ပို့ဆောင်ထားရတယ်လို့ စေတီပြင်ကျေးရွာ ပရဟိတလူငယ်အဖွဲ့က ကိုအောင်မင်းစိုးက ပြောပါတယ်။
“လေးယောက် စေတီပြင်တိုက်နယ်ဆေးရုံကို တင်ထားတယ်၊ ကံပြင်ကယ်ဆယ်ရေးစခန်းက တစ်ယောက်က သိပ်ဒဏ်ရာမများလို့ စေတီပြင်ကို မလာတော့ဘူးလို့ ပြောတယ်”
အဲဒီကျေးရွာတွေမှာ တိုက်ပွဲဖြစ်ပွားတာမျိုးမရှိဘဲ တပ်မတော်က မြစ်ကြောင်းတလျှောက် သွားလာရင်း ပစ်ခတ်သွားတာဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။ တိုက်ပွဲမဖြစ်ဘဲ ဒေသခံတွေ ပစ်ခတ်ခံရတာ လက်ခံနိုင်စရာ မရှိဘူးလို့ ရသေ့တောင်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်စောဝေက ဆိုပါတယ်။
“တိုက်ပွဲဖြစ်တာ မဟုတ်ဘဲ ညမိုးချုပ်မှပစ်တာဖြစ်တယ်၊ တိုက်ပွဲမရှိဘဲပစ်တာ လက်ခံနိုင်စရာမရှိဘူး၊ တစ်ဖက်နဲ့တစ်ဖက် အနိုင်ရအောင်တိုက်တာမျိုး မဟုတ်ဘဲ ကြားကနေ ပြည်သူတွေခံရတာ မဖြစ်သင့်ဘူးလို့ ပြောချင်တယ်”
ဒီဖြစ်ရပ်နဲ့ပတ်သက်ပြီး တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းကို RFA က မြန်မာစံတော်ချိန် ညနေ ၅ နာရီအထိ အကြိမ်ကြိမ် ဆက်သွယ်ခဲ့ပေမယ့် ခေါ်ဆိုလို့မရခဲ့ပါဘူး။
AA ရက္ခိုင့်တပ်တော် ပြောခွင့်ရပုဂ္ဂိုလ် ခိုင်သုခကတော့ ရသေ့တောင်မြို့နယ်အတွင်း မနေ့က တိုက်ပွဲ ဖြစ်ပွားတာ မရှိကြောင်းနဲ့ မေယုမြစ်အတွင်း တပ်မတော်ရေယာဉ်ရဲ့ပစ်ခတ်မှုကြောင့် အရပ်သားတချို့ ထိခိုက်ဒဏ်ရာရရှိ ခဲ့ကြောင်း RFA ကို ပြောပါတယ်။
တပ်မတော်နဲ့ ရက္ခိုင့်တပ်တော် AA အဖွဲ့တို့ စစ်ရေးပြင်းထန်နေတဲ့ ရခိုင်ပြည်နယ် မြောက်ပိုင်းနဲ့ ချင်းပြည်နယ် ပလက်ဝမြို့နယ်တွေမှာ နေ့စဉ်နဲ့အမျှ ပစ်ခတ်မှုတွေရှိနေပြီး အရပ်သား ထိခိုက်မှုတွေကလည်း ရှိနေပါတယ်။
RFA က ရရှိထားတဲ့ အချက်အလက်တွေအရ ပြီးခဲ့တဲ့ ၂၀၁၈ ဒီဇင်ဘာလကနေ ၂၀၂၀ မေလ ၂၈ ရက်နေ့အထိ သေဆုံးတဲ့အရပ်သား ၂၅၆ ဦး ထိခိုက်ဒဏ်ရာရရှိတဲ့ အရပ်သား ၅၅၅ ဦး ရှိနေပြီ ဖြစ်ပါတယ်။