PDF နဲ့ စစ်ကောင်စီတပ် တိုက်ပွဲကြား ဝင်မပါဘူးလို့ RCSS ပြော
2023.04.05

ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) အနေနဲ့ ရှမ်းပြည်နယ်တောင်ပိုင်းအတွင်း စစ်ကောင်စီတပ်နဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့ တိုက်ပွဲတွေအကြား ဝင်ပါမှာ မဟုတ်ဘူးလို့ RCSS ပြောခွင့်ရသူက RFA ကို ပြောပါတယ်။
RCSS ဟာ တိုက်ပွဲပြင်းထန်နေတဲ့ ရှမ်းပြည်နယ်တောင်ပိုင်း ပင်လောင်း၊ ဖယ်ခုံနဲ့ မိုးဗြဲမြို့နယ်အတွင်း စစ်ကောင်စီဘက်ကနေ ဝင်တိုက်ပေးနေတယ်ဆိုတဲ့ စွပ်စွဲချက်တွေ လည်း မမှန်ဘူးလို့ RCSS ပြောခွင့်ရ ဒုတိယဗိုလ်မှူးကြီး အုမ်ခေးက RFA ကို ပြောပါတယ်။
"RCSS က န.စ.က နဲ့ စီးပွားရေးအပေးအယူလုပ်ပြီးတော့ တိုက်ပွဲတွေထဲမှာ ပါဝင်ခဲ့တာရှိတယ်ဆိုပြီး သတင်းတွေထွက်နေသလို PDF တွေကို ကူတိုက်ပေးနေ သလိုလို သတင်းအမျိုးအမျိုး တက်လာတာပေါ့နော်။ RCSS အနေနဲ့က ဘယ်ဖက်ကိုမှ အားမပေးဘူး။ တိုက်ပွဲဆိုတာက မပြီးဆုံးနိုင်တဲ့ပြဿနာမို့လို့ အကောင်းဆုံးနည်းလမ်း ကတော့ တွေ့ဆုံကြ၊ ညှိနှိုင်းကြ၊ အဲလိုပဲ ဆက်သွားဖို့။ တိုက်ပွဲတွေလျှော့ချပြီး တွေ့ဆုံညှိနှိုင်းအဖြေရှာဖို့လမ်းက အကောင်းဆုံးပဲလို့ ရှုမြင်တယ်ပေါ့နော့်"
စစ်ကောင်စီဟာ ရှမ်းပြည်နယ်တောင်ပိုင်းက တိုက်ပွဲတွေမှာ RCSS ကို စီးပွားရေးအရ အပေးအယူလုပ်ပြီး တိုက်ပွဲအတွင်းဆွဲသွင်းတဲ့ သတင်းတွေကြားနေရတယ်လို့ အင်းလေးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ 1009 INFANTRY (IPDF) က ပြီးခဲ့တဲ့ မတ်လကုန်မှာ သတင်းထုတ်ပြန်ခဲ့တာပါ။
ပင်လောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူတစ်ဦးကလည်း စစ်ကောင်စီတပ်ဟာ လက်တွေ့မြေပြင်မှာ ပြည်သူ့စစ်တပ်ဖွဲ့တွေကို အသုံးပြုနေသလို RCSS တပ်ဖွဲ့အကူအညီနဲ့ ထိုးစစ်တွေလုပ်မယ်ဆိုတဲ့ သတင်းမျိုး ရထားတယ်လို့လည်း ပြောပါတယ်။
ဧပြီ ၃ ရက်မနက်ကစပြီး ပင်လောင်းမြို့နယ် တောင်စလုံးရွာနားမှာ ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ်ဖွဲ့ (KNDF) နဲ့ စစ်ကောင်စီတပ်အကြား တိုက်ပွဲပြင်းထန်နေသလို စစ်ကောင်စီတပ်က ဂျက်တိုက်လေယာဉ်နဲ့ပါ ပစ်ခဲ့တာလို့ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ PNDF-KK ပြန်ကြားရေး တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၄ ရက်ကစပြီး ရှမ်းပြည်နယ်အခြေစိုက် စကခ - ၂၊ (ခလရ- ၄၂၈)၊ (ခလရ -၄၂၇)၊ (ခမရ -၅၁၈)၊ တပ်မ (၆၆) နဲ့ PNO/PNA တပ်တွေဟာ စစ်ကြောင်း ခြောက်ကြောင်းခွဲပြီး ပင်လောင်းနဲ့ ဖယ်ခုံကြားကရွာတွေကို ထိုးစစ်ဆင်ခဲ့တာကြောင့် ဒီနေ့အထိ တိုက်ပွဲတွေ ဆက်ပြင်းထန်နေတာလို့ ဆိုပါတယ်။
တိုက်ပွဲကြောင့် ပင်လောင်းမြို့နယ်အတွင်းမှာရှိတဲ့ ဒေသခံငါးထောင်ကျော်လည်း ဒီနေ့အထိ နေရပ်စွန့်ခွာ ထွက်ပြေးနေကြရဆဲ ဖြစ်ပါတယ်။
တိုက်ပွဲအခြေအနေနဲ့ ပတ်သက်လို့ စစ်ကောင်စီဘက်ကတော့ သတင်းထုတ်ပြန်တာမျိုး မရှိသေးပါဘူး။
ရှမ်းပြည်နယ်တောင်ပိုင်းနဲ့ ကယားပြည်နယ်မှာ မတ်လအတွင်း စစ်ကောင်စီတပ်နဲ့ KNDF အကြား တိုက်ပွဲပေါင်း (၁၀၂) ကြိမ် ဖြစ်ခဲ့ပြီး စစ်ကောင်စီတပ်ဘက်က လေကြောင်း တိုက်ခိုက်မှု (၆၆) ကြိမ်ထက်မနည်း လုပ်ခဲ့တယ်လို့ KNDF က မတ်လ ၃ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။