စစ်ခေါင်းဆောင်နဲ့ တွေ့ဆုံပွဲမှာ လိုက်လျောမှုတချို့ ရခဲ့ကြောင်း RCSS ပြော

နေပြည်တော်မှာ မေလ ၂၀ ရက် ဒီနေ့မနက်က ပြုလုပ်တဲ့ စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ တွေ့ဆုံပွဲမှာ တစ်နိုင်ငံလုံး ငြိမ်းချမ်းရေးတည်ဆောက်ဖို့နဲ့ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးစတဲ့ အချက်တွေအပေါ်မှာ လိုက်လျောမှုအချို့ ရရှိခဲ့တယ်လို့ ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) က RFA ကို ပြောပါတယ်။
ဒီကနေ့တွေ့ဆုံမှုမှာ RCSS ဘက်က တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ ငြိမ်းချမ်းရေး တည်ဆောက်ရေး၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေနဲ့ ယုံကြည်မှု တည်ဆောက်နိုင်ရေးနဲ့ ဖက်ဒရယ် ပြည်ထောင်စုတည်ဆောက်သွားနိုင်ရေးစတဲ့ အချက်တွေကို အပြန်အလှန် ဆွေးနွေးခဲ့ကြတယ်လို့ RCSS တပ်ဖွဲ့ ပြန်ကြားရေး တာဝန်ရှိသူ ဒုတိယဗိုလ်မှူး ကြီး အုမ်ခေးက ပြောပါတယ်။
“လိုက်လျောမှုအချို့ ရခဲ့တာပေါ့နော့်၊ ငြိမ်းချမ်းရေး တည်ဆောက်ဖို့နဲ့ ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေး ဆိုတာမှာပေါ့။ ဒါကလည်း ချက်ချင်းတော့ မဖြစ်နိုင်ဘူးလေ။ ငြိမ်းချမ်းရေးက ခေတ်အဆက်ဆက် ကတည်းက ဆောင်ရွက်ခဲ့ တယ်လေ။ ခုထက်ထိလည်း မရသေးတာ လူတိုင်းသိတယ်လေနော့်။ အဲဒီခါကျတော့ အခုထက်ထိလည်း မယုံကြည်တဲ့ သူလည်း မယုံဘူး။ အဲဒါကြောင့်မို့ ငြိမ်းချမ်းရေးဆိုတာ လက်တွေ့ကျကျ အကောင်အထည်ဖော်မှုနဲ့ ပြကြ၊ လုပ်ကြရမယ်ပေါ့လေ”
စစ်ခေါင်းဆောင်နဲ့ တွေ့ဆုံအပြီးမှာတော့ အားလုံးပါဝင်လာဖို့နဲ့ ငြိမ်းချမ်းရေး တည်ဆောက်တာမှာ ဒီထက်ပိုပြီးတော့ တိုးတက်လာမယ့် အလားအလာ ရှိနိုင်မယ်လို့ မြင်ကြောင်း ဒုတိယဗိုလ်မှူးကြီးအုမ်ခေးက ပြောပါတယ်။
လက်ရှိမြန်မာနိုင်ငံအတွင်းဖြစ်နေတဲ့ ပဋိပက္ခ အခြေအနေတွေပေါ်မှာလည်း စစ်ခေါင်းဆောင်နဲ့ RCSS ကြားမှာ အမြင်ချင်း ဖလှယ်ခဲ့ကြတယ်လို့လည်း သူက ဆက်ပြောပါတယ်။
စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ရဲ့ ငြိမ်းချမ်းရေးဆွေးနွေးဖို့ ဖိတ်ခေါ်ချက်နဲ့ ပတ်သက်လို့ NCA အပစ်ရပ်စာချုပ် လက်မှတ်ထိုးထားတဲ့ အဖွဲ့တွေထဲက ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ (RCSS)၊ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP)၊ ကရင်အမျိုးသား ငြိမ်းချမ်းရေးကောင်စီ (KNLA-PC)၊ ဒီမိုကရေစီ အကျိုးပြု ကရင့်တပ်မတော် (DKBA)၊ လားဟူ ဒီမိုကရက်တစ်အစည်းအရုံး (LDU)၊ မွန်ပြည်သစ်ပါတီ (NMSP)၊ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNLO) စတဲ့ အဖွဲ့တွေက တက်ရောက်ဖို့ စာရင်း ပေးထားပါတယ်။
အဲဒီအထဲက ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) နဲ့ ဒီနေ့ ပထမဆုံး ဆွေးနွေးခဲ့တာ ဖြစ်ပါတယ်။
NCA စာချုပ်မှာ လက်မှတ်မထိုးရသေးတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေထဲက UWSA ‘ဝ’ တပ်ဖွဲ့ ၊ ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP)၊ မိုင်းလားအဖွဲ့ (NDAA) စတဲ့ အဖွဲ့သုံးဖွဲ့ တက်ရောက်မှာ ဖြစ်ပါတယ်။
လက်ရှိ စစ်တပ်နဲ့ တိုက်ပွဲတွေ ပြင်းထန်နေတဲ့ ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO)၊ ကရင်အမျိုးသားအစည်းအရုံး (KNU)၊ ကရင်နီ အမျိုးသားတိုးတက်ရေးပါတီ (KNPP) နဲ့ ချင်းအမျိုးသားတပ်ဦး (CNF) တို့ကတော့ စစ်ကောင်စီနဲ့ လာရောက်တွေ့ဆုံဖို့ ငြင်းဆိုထားပါတယ်။
ရခိုင်ပြည်နယ်အတွင်းမှာလည်း လတ်တလော စစ်ကောင်စီတပ်နဲ့ စစ်ရေး ပြန်လည် တင်းမာနေတဲ့ ရက္ခိုင့်တပ်တော် (AA)၊ တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်ဖွဲ့ (TNLA) နဲ့ ကိုးကန့်တပ်ဖွဲ့ (MNDAA) ညီနောင်သုံးဖွဲ့ အနေနဲ့လည်း စစ်ကောင်စီနဲ့ တွေ့ ဆုံဖို့ငြင်းဆိုထားပါတယ်။ စစ်ကောင်စီဘက်က သူတို့နဲ့ တိုက်ပွဲ အဓိကဖြစ်နေတဲ့ NUG နဲ့ ပြည်သူ့ ကာကွယ်ရေးအဖွဲ့ (PDF) တွေကို ငြိမ်းချမ်းရေးဆွေးနွေးဖို့ ဖိတ်ကြားထားတာ မရှိပါဘူး။