မဲရုံပစ္စည်းပို့တဲ့ယာဉ်တန်းကို RCSS ပစ်ခတ်၊ နှစ်ဦး ဒဏ်ရာရ

ကျော်လွင်ဦး၊ ဝေယံမိုးမြင့်
2020.10.28
rcss-ssa-622.jpg RCSS/SSA တပ်ဖွဲ့ဝင်တချို့ကို တွေ့ရစဉ်
Photo: Kan Thar/RFA

ရှမ်းပြည်နယ် လင်းခေးခရိုင် မိုင်းပန်မြို့နယ်ကို အောက်တိုဘာ ၂၇ ရက်နေ့က မဲလက်မှတ်နဲ့ မဲရုံသုံးပစ္စည်း သွားပို့တဲ့ ယာဉ်တန်းကို ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS က မှားယွင်းပစ်ခတ်မိတာလို့ RCSS ပြောခွင့်ရသူက အတည်ပြုပြောပါတယ်။

RCSS ပြောခွင့်ရ ဒုတိယ ဗိုလ်မှူးကြီး စိုင်းအွမ်ခေးက မိုင်းပန်ဆက်ဆံရေးရုံးကို ဆက်သွယ်အကြောင်းကြားပြီး သွားလာတာဖြစ်ပေမယ့် ရှေ့တန်းမှာလှုပ်ရှားနေတဲ့ တပ်နဲ့ အဆက်အသွယ်မရခင်မှာ အခုလို ပစ်ခတ်မှုဖြစ် သွားတာလို့ ပြောပါတယ်။

ဒီကိစ္စမှာ တာဝန်ရှိသူတွေကို အရေးယူသွားမှာဖြစ်ပြီး ယာဉ်ပေါ်ပါလာတဲ့ အုပ်ချုပ်ရေးမှူးတွေကိုလည်း RCSS ဌာနချုပ်က ဆက်သွယ်သွားမယ်လို့ သူက ပြောပါတယ်။

မနေ့က ပစ်ခတ်မှုကြောင့် ယာဉ်ပေါ်ပါလာတဲ့ လင်းခေးခရိုင်အုပ်ချုပ်ရေးမှူး အပါအဝင် နှစ်ဦး ကျည်ထိမှန် ဒဏ်ရာရခဲ့ပါတယ်။ မိုင်းပန်မြို့နယ် နမ့်မွန်ကျေးရွာအုပ်စုအနီး အပြန်လမ်းခရီးမှာ ပစ်ခတ်ခံခဲ့ရတာဖြစ်ပါတယ်။

ပေါင်ကိုထိမှန်ခဲ့တာဖြစ်ပြီး မစိုးရိမ်ရတဲ့အခြေအနေမှာရှိတယ်လို့ လက်ရှိ မိုင်းရှုးမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လည်းဖြစ်၊ ရှမ်းပြည်နယ် အမျိုးသားလွှတ်တော်မဲဆန္ဒနယ် အမှတ် ၇ မှာ ဝင်ရောက်ယှဉ်ပြိုင်မယ့် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် ကိုယ်စားလှယ်လောင်း ဦးစိုင်းထွန်းအေးက ပြောပါတယ်။ ယာဉ်တန်းမှာ လုံခြုံရေးယူပေးတဲ့ တပ်မတော်သားတွေ ပါဝင်တာကြောင့် မှားယွင်းပစ်ခတ်မိတာဖြစ်နိုင်တယ်လို့ သူက  ဆက်ပြောပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး ရှမ်းပြည်နယ် လင်းခေးခရိုင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲနဲ့ မိုင်းပန်မြို့နယ် ကော်မရှင် အဖွဲ့ခွဲ တာဝန်ရှိသူတွေကို RFA က ဆက်သွယ်ခဲ့ပေမယ့် သူတို့အနေနဲ့ ဖြေကြားခွင့်မရှိကြောင်းသာ ပြောပါတယ်။

ပြည်နယ်ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌနဲ့ အတွင်းရေးမှူးကတော့ ဖုန်းလက်ခံဖြေကြားခြင်း မရှိပါဘူး။

------------
(၂၀၂၀ ရွေးကောက်ပွဲဝင်မယ့် အထင်ကရ နိုင်ငံရေးပါတီတွေ၊ ရွေးကောက်ပွဲဆိုင်ရာ အချက်အလက်တွေနဲ့ သတင်းပေးပို့ချက်တွေကို RFA ရွေးကောက်ပွဲအထူးအစီအစဉ် စာမျက်နှာမှာ တစုတစည်းတည်း လေ့လာကြည့်ရှုနိုင်ပါတယ်။)

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။