အပစ်ရပ် ၁၀ နှစ်ပြည့်မှာ RCSS က မူးယစ်ဆေးဝါးတွေ မီးရှို့

2021.12.02
အပစ်ရပ် ၁၀ နှစ်ပြည့်မှာ RCSS က မူးယစ်ဆေးဝါးတွေ မီးရှို့ ဒီဇင်ဘာ ၂ရက်နေ့က တောင်ကြီးမြို့မှာ ပြုလုပ်တဲ့ အစိုးရနဲ့ ပြည်နယ်အဆင့် အပစ်ရပ်စာချူပ်လက်မှတ်ရေးထိုးခဲ့မှု ၁၀ နှစ်ပြည့် အထိမ်းအမှတ်ပွဲ။
Photo: Tao Freedom

ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS တပ်ဖွဲ့က ၂၀၁၁ ခုနှစ် ဒီဇင်ဘာ ၂ရက်နေ့ တောင်ကြီးမြို့မှာ ပြုလုပ်တဲ့ အစိုးရနဲ့ ပြည်နယ်အဆင့် အပစ်ရပ်စာချူပ်လက်မှတ်ရေးထိုးခဲ့မှု ၁၀ နှစ်ပြည့် အထိမ်းအမှတ်အနေနဲ့ မူးယစ်ဆေးဝါးတွေကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဒီကနေ့ သတင်းထုတ်ပြန်ပါတယ်။

RCSS တပ်ဖွဲ့က ဖမ်းဆီးရမိထားတဲ့ စိတ်ကြွဆေးပြား တစ်သန်းကျော်၊ ဘိန်းညိုမှုန့် ကီလိုဂရမ် သုံးရာကျော်၊ အက်ဆစ်လီတာ လေးသောင်းကျော်နဲ့ ဆိုဒါမှုန့် ကီလိုဂရမ် သုံးသောင်းခွဲကျော်ကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

ဒီမူးယစ်ဆေးတွေကို RCSS ဗဟိုဌာနချုပ်ရှိရာ လွယ်တိုင်းလျဲန်း၊ အမှတ် (၁ ) စစ်ဒေသနဲ့ တပ်မဟာ (၇၀၇) နယ်မြေတွေမှာ ဖျက်ဆီးခဲ့တာလို့ဆိုပါတယ်။

RCSSအနေနဲ့ ပြည်နယ်အဆင့် အပစ်ရပ်စာချုပ်ပါ အချက်တွေကို ဆက်လက်ထိန်းသိမ်းသွားမှာဖြစ်ပြီး ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်နိုင်ရေးအတွက် NCA ရဲ့အနှစ်သာရကို ကိုင်စွဲပြီး အဖွဲ့အစည်းအသီးသီးနဲ့ ပူးပေါင်းလက်တွဲဆောင်ရွက်သွားမယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

RCSS တပ်ဖွဲ့ဟာ ဦးသိန်းစိန်အစိုးရလက်ထက်မှာ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခတ်မှု စာချုပ်ကို လက်မှတ်ရေးထိုးခဲ့ပါတယ်။

စစ်အာဏာသိမ်းမှုအပေါ်မှာ ကန့်ကွက်ကြောင်း ထုတ်ပြန်ပြောကြားခဲ့ပေမဲ့ အပစ်ရပ်စာချုပ်မှာ လက် မှတ်ရေးထိုးထားတဲ့ ကရင်အမျိုးသားအစည်းအရုံး (KNU ) နဲ့ ချင်းအမျိုးသားတပ်ဦး (CNF) စတဲ့တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့ တွေလို စစ်ကောင်စီတပ်တွေနဲ့ တိုက်ပွဲတွေ ကြီးကြီးမားမား ဖြစ်ပွားတာတော့ မရှိပါဘူး။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။