ရှမ်းလက်နက်ကိုင်ခေါင်းဆောင်နဲ့ သမ္မတ ဦးသိန်းစိန် ငြိမ်းချမ်းရေးဆွေးနွေး


2013.06.10
rcss-leader-meet-president-305.jpg သမ္မတဦးသိန်းစိန်နဲ့ ရှမ်းပြည်ပြန်လည်ထူထောင်ရေး ကောင် စီ(RCSS/ SSA) ဥက္ကဋ္ဌ ဦးယွက်စစ်တို့ ဇွန်လ ၁ဝ ရက်နေ့ က နေပြည်တော်မှာတွေ့ဆုံစဉ်
photo: President office website

အစိုးရနဲ့ ရှမ်းပြည်ပြန်လည်ထူထောင်ရေး ကောင်စီ RCSS/ SSA တို့အကြား  ပြည်တွင်း ငြိမ်းချမ်းရေးကို အကောင်အထည်ဖော်ရာမှာ လိုအပ်တဲ့ ပြည်တွင်း ငြိမ်းချမ်းရေး စောင့်ကြည့်လေ့လာရေးအဖွဲ့ ဖွဲ့စည်းဖို့ ဒီကနေ့ သဘောတူညီလိုက်ကြတယ်လို့ သိရပါတယ်။

သမ္မတ ဦးသိန်းစိန်နဲ့ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS/SSA ရှမ်းပြည်တပ်မတော်တောင်ပိုင်း ဥက္ကဌ ဒုတိယ ဗိုလ်ချုပ်ကြီး ယွက်စစ်ဦးဆောင်တဲ့အဖွဲ့တို့ ဒီကနေ့ နေပြည်တော်မှာ တွေ့ဆုံဆွေးနွေးပြီး အခုလို သဘောတူညီလိုက်ကြတာ ဖြစ်ပါတယ်။

တွေ့ဆုံဆွေးနွေးချက်တွေကို ဒုတိယဗိုလ်ချုပ်ကြီး ယွက်စစ်က ရှမ်းဘာသာနဲ့ ပြောကြားပြီး စကားပြန်က အခုလို ရှင်းပြပါတယ်။

"ကျနော်တို့ ပြည်တွင်းစစ်တွေ ချုပ်ငြိမ်းဖို့ဟာ ဖြစ်ပေါ်နေတဲ့ ပဋိပက္ခတွေ ဖြေရှင်းနိုင်ဖို့ဆိုပြီး ကျနော်တို့ ငြိမ်းချမ်းရေးကြီးကြပ်စောင့်ရှောက်ရေးကော်မတီဖွဲ့ဖို့ တင်ပြဆွေးနွေးတဲ့အခါမှာ သမ္မတကြီးကလည်း ဒီကော်မတီဖွဲ့စည်းဖို့ဆိုပြီး လက်ခံခဲ့ပါတယ်"

နိုင်ငံတော်သမ္မတနဲ့ တွေ့ဆုံအပြီးမှာ နေပြည်တော် တုံဂပူရီဟိုတယ်မှာ သတင်းစာရှင်းလင်းပွဲတစ်ရပ်ကို နေ့လည် တစ်နာရီက ကျင်းပခဲ့ပါတယ်။

အဲဒီသတင်းစာရှင်းလင်းပွဲမှာ ဒုတိယဗိုလ်ချုပ်ကြီးရွက်ဆစ်က မြန်မာနိုင်ငံ မှာ နှစ်ပေါင်းငါးဆယ်ကျော်ဖြစ်ပွားနေတဲ့ ပြည်တွင်းစစ်မီးငြိမ်းဖို့အတွက် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နဲ့အတူ လက်တွဲပူးပေါင်းဆောင်ရွက်ဖို့ လာရောက်ဆွေးနွေးတာ ဖြစ်တယ်လို့ ပြောခဲ့ပါတယ်။

ဒုတိယဗိုလ်ချုပ်ကြီး ယွက်စစ်ဟာ ဒီနေ့ ညနေပိုင်းမှာ ဒုတိယသမ္မတ ဒေါက်တာ စိုင်းမောက်ခမ်းနဲ့လည်း တွေ့ဆုံမှာဖြစ်ပါတယ်။

သတင်းစာရှင်းလင်းပွဲမှာ ဒုတိယဗိုလ်ချုပ်ကြီး ယွက်စစ် ပြောကြားခဲ့တာတွေကို RFA သတင်းထောက် မဇင်မာဝင်းက ကောက်နှုတ်တင်ပြထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။