NCA လက်မှတ်ထိုးထားတဲ့ RCSS နဲ့ PNLO တို့ကြား တိုက်ပွဲဖြစ်ပွား


2018.10.18
rcss-ssa-622.jpg RCSS/SSA တပ်ဖွဲ့ဝင်တချို့ကို တွေ့ရစဉ်
Photo: Kan Thar/RFA

အပစ်ရပ် NCA လက်မှတ်ထိုးထားတဲ့ အဖွဲ့တွေဖြစ်တဲ့ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS/SSA နဲ့ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် PNLO တို့ကြား ရှမ်းပြည်နယ် အရှေ့တောင်ဘက်ပိုင်း မိုင်းပန်မြို့နယ်မှာ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

အောက်တိုဘာလ ၁၆ ရက်နေ့  မနက်ပိုင်းနဲ့ နေ့လယ်ပိုင်းမှာ ပအိုဝ်းလက်နက်ကိုင်အဖွဲ့အစည်းတစ်ခုနဲ့ နှစ်ကြိမ် တိုက်ပွဲဖြစ်ခဲ့တယ်လို့ RCSS ပြောခွင့်ရ ဒုတိယ ဗိုလ်မှူးကြီး စိုင်းဦးက RFA ကို ပြောပါတယ်။

RCSS အဖွဲ့တွေရှိတဲ့ ဒေသကို လက်နက်ကိုင်အဖွဲ့တစ်ခု ဝင်ရောက်လာတဲ့အတွက် အခုလို တိုက်ပွဲဖြစ်ခဲ့တာဖြစ်ပြီး ဘယ်အဖွဲ့အစည်းလဲဆိုတာ အတိအကျသိနိုင်ဖို့ ဆက်ဆံရေးရုံးတွေကို ဆက်သွယ်ထားတယ်လို့ ပြောပါတယ်။

PNLO နာယက ဗိုလ်မှူးကြီး ခွန်ဥက္ကာက အဲဒီဒေသက ပအိုဝ်းတိုင်းရင်းသားတွေ အများစုနေထိုင်တဲ့ ကျေးရွာတွေမှာ မလုံမခြုံဖြစ်တယ်ဆိုတဲ့ သတင်းတွေကြားရတဲ့အတွက် အကာအကွယ်ပေးဖို့ PNLO တပ်တွေ သွားရောက်ရာမှာ RCSS နဲ့ နားလည်မှုလွဲပြီး တိုက်ပွဲဖြစ်တဲ့သဘော ဖြစ်နိုင်ပါတယ်လို့ RFA ကို ပြောပါတယ်။

အထိအခိုက် အကျအဆုံးလည်းရှိနိုင်ပေမယ့် PNLO တပ်က တာဝန်ရှိသူတွေနဲ့ မတွေ့ရသေးတဲ့အတွက် အတိအကျ မသိရသေးဘူးလို့ ပြောပါတယ်။

၂၀၁၄ ခုနှစ်ကလည်း နှစ်ဖက်တပ်တွေအကြား အလားတူ တိုက်ပွဲတွေဖြစ်ပွားခဲ့ဖူးသလို RCSS ဥက္ကဋ္ဌ ဗိုလ်ချုပ်ယွက်ဆစ်နဲ့ PNLO ဥက္ကဋ္ဌ ခွန်မြင့်ထွန်းတို့ ညှိနှိုင်းဆွေးနွေးပြီး ပြေလည်မှုရခဲ့တယ်လို့ ခွန်ဥက္ကာ က ပြောပါတယ်။

နေပြည်တော်မှာ အောက်တိုဘာလ ၁၅ ရက်နေ့က ကျင်းပခဲ့တဲ့ ထိပ်သီးဆွေးနွေးပွဲ မိန့်ခွန်းမှာ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က RCSS အဖွဲ့ဟာ နိုင်ငံရေး၊ လက်နက်အင်အား၊ လူအင်အား တည်ဆောက်ရာမှာ သတ်မှတ်ထားတဲ့ နယ်မြေထက် အဆအများကြီး ကျော်လွန်ပြီး ပြုလုပ်နေတဲ့အတွက် အခြားတိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေနဲ့ ပဋိပက္ခတွေဖြစ်နေတယ်လို့ ထည့်သွင်းပြောကြားခဲ့ပါတယ်။

ဒါကြောင့် NCA ကို တလွဲအသုံးမချဖို့နဲ့ တကယ်လို့ တလွဲအသုံးချခဲ့မယ်ဆိုရင် ပြည်သူတွေကို အကာကွယ်ပေးဖို့ တာဝန်ရှိတဲ့ တပ်မတော်အနေနဲ့ လက်ပိုက်ကြည့်နေနိုင်မှာ မဟုတ်ဘူးလို့ ပြောခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။