မောက်မယ်မြို့နယ်ထဲကို RCSS တပ်ဖွဲ့ ဝင်ရောက်လာမှုကြောင့် တိုက်ပွဲမဖြစ်စေရေး ညှိနှိုင်းမည်


2018.10.24
rcss-ssa-622.jpg ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ RCSS/SSA တပ်ဖွဲ့ဝင်တချို့ကို တွေ့ရစဉ်
Photo: Kan Thar/ RFA

ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS/ SSA တပ်ဖွဲ့ဝင်တွေဟာ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ် PNLO တပ်တွေ အခြေစိုက်တဲ့ ရှမ်းပြည်နယ်တောင်ပိုင်း မောက်မယ်မြို့နယ် ကဒူးကြီးဒေသကို ဝင်ရောက်လာတဲ့ အတွက် နှစ်ဖက်တိုက်ပွဲတွေမဖြစ်ရအောင် ညှိနှိုင်းဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။

NCA လက်မှတ်ထိုးထားတဲ့ ရှမ်းပြည်နယ် အခြေစိုက် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ အချင်းချင်း ဖြစ်တဲ့အတွက် နှစ်ဖက်ခေါင်းဆောင်တွေကြား ငြိမ်းချမ်းတဲ့နည်းနဲ့ ညှိုနှိုင်းဆွေးနွေးသွားမယ်လို့ PNLO ဒု ဥက္ကဋ္ဌ ခွန်မြင့်ထွန်းက RFA ကို ဒီနေ့ ပြောပါတယ်။

ကဒူးကြီးဒေသ နားဟီးကျေးရွာမှာ ပအိုဝ်းလူမျိုး အများစုနေထိုင်ကြပြီး ၂၀၁၇ ခုနှစ်ကလည်း PNLO နဲ့ RCSS တပ်တွေအကြား အဲဒီဒေသမှာ နယ်မြအငြင်းပွားမှုဖြစ်ခဲ့ဖူးတာကြောင့် နှစ်ဖက်တပ်တွေ တင်းမာမှုဖြစ်မှာကို ဒေသခံတွေက စိုးရိမ်ပူပန်နေကြတယ်လို့ ခွန်မြင့်ထွန်း က ပြောပါတယ်။

အောက်တိုဘာလ ၁၆ ရက်နေ့ကလည်း ရှမ်းပြည်နယ် အရှေ့တောင်ဘက်ပိုင်း မိုင်းပန်မြို့နယ်မှာ RCSS နဲ့ PNLO အဖွဲ့တွေကြား တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။

အပစ်ရပ် NCA လက်မှတ်ထိုးထားတဲ့ အဖွဲ့တွေဖြစ်တဲ့ RCSS နဲ့ PNLO အဖွဲ့အကြား ၂၀၁၄ ခုနှစ်က တိုက်ပွဲဖြစ်ပွား ခဲ့ရာမှာ  RCSS ဥက္ကဋ္ဌ ဗိုလ်ချုပ် ယွက်ဆစ်နဲ့ PNLO ဒုဥက္ကဋ္ဌ ခွန်မြင့်ထွန်းတို့ ညှိနှိုင်းဆွေးနွေးပြီး ပြေလည်မှုရခဲ့ တယ်လို့ သိရပါတယ်။

မောက်မယ်မြို့နယ် ကဒူးကြီးဒေသဘက်ကို RCSS တပ်ဖွဲ့တွေ ဝင်ရောက်လာမှုနဲ့ ပတ်သက်လို့ RCSS တာဝန်ရှိ သူတွေကို အာအက်အေက ဆက်သွယ်မေးမြန်းခဲ့ပေမယ့် လက်ခံဖြေကြားတာ မရှိပါဘူး။

 

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။