ဖမ်းဆီးခံထားရတဲ့ ဒေသခံ ၅ဝ ကျော်ကို RCSS က ပြန်လွှတ်ပေး
2016.09.22

ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS/SSA က ဖမ်းဆီးခေါ်ဆောင်သွားခဲ့တဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်လန် တိုက်နယ်အနီးတဝိုက် ကျေးရွာတွေက ဒေသခံ ၅ဝ ကျော်ကို ပြန်လွှတ်ပေးလိုက်ပြီလို့ ရှမ်းပြည်နယ် ရဲတပ်ဖွဲ့က ရဲမှူးချုပ်အောင်အောင်က ပြောပါတယ်။
ဖမ်းဆီးခံခဲ့ရတဲ့ ဒေသခံတွေဟာ သူတို့နေထိုင်ရာ ကျေးရွာတွေကို ပြန်လည်ရောက်ရှိနေပြီဖြစ်ပြီး အဲဒီအထဲက မူးယစ်ဆေးဝါး သုံးစွဲတယ်လို့ ယူဆရသူတွေကို RCSS အဖွဲ့က သတိပေးလိုက်တယ်လို့ ရှမ်းပြည်နယ်ရဲတပ်ဖွဲ့က ရဲမှူးချုပ်အောင်အောင်က ပြောပါတယ်။
"မနေ့ည ၈ နာရီမှာ သူတို့ခေါ်သွားတဲ့သူတွေအားလုံး ပြန်လွှတ်ပေးလိုက်ပြီ၊ ရွာတွေကို ပြန်ရောက်ပါပြီ၊ သူတို့ခေါ်သွားတဲ့လူတွေက တချို့လူတွေက မူးယစ်ဆေးဝါးသုံးတယ်၊ တချို့လူတွေက မူးယစ်ဆေး ဝါး ရောင်းဝယ်တဲ့ သံသယရှိတယ်ဆိုပြီးတော့ အဲဒါကြောင့်သူတို့က သူတို့ဆီမှာခေါ်ပြီးတော့ ဒီနှစ်ရက် အတောအတွင်းမှာ သင်တန်းသဘောမျိုးပေါ့ နောက်မလုပ်ဖို့၊ နောက်လုပ်ရင် သူတို့ရဲ့ စည်းမျဉ်းအရ အရေးယူခံရမယ်လို့ ပြောပြီးတော့ ပြန်လွှတ်လိုက်တယ်ပြောတယ်"
ဒေသခံတွေကို အခုလို ဖမ်းဆီးခေါ်ဆောင်တာတွေ မလုပ်ဆောင်ဖို့အတွက် ရှမ်းပြည်နယ်တောင်ပိုင်း၊ ခိုလမ်မြို့မှာ တစ်လတစ်ကြိမ် ကျင်းပလေ့ရှိတဲ့ ပြည်နယ်အဆင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးကော်မတီ အစည်းအဝေးမှာ တင်ပြသွားမယ်လို့လည်း ပြောပါတယ်။
ဒေသခံတွေကို တရားမဝင်ဖမ်းဆီးတာတွေ ဆက်လက်လုပ်ဆောင်မယ်ဆိုရင် တာဝန်ရှိထိပ်ပိုင်း ခေါင်းဆောင်တွေ ကို ဥပဒေကြောင်းအရအရေးယူဆောင်ရွက်သွားမှာ ဖြစ်တယ်လို့ ရဲမှူးချုပ်အောင်အောင် က ပြောပါတယ်။