RCSS ဥက္ကဌ သတင်းစာရှင်းလင်းပွဲ ပြုလုပ်


2017.09.15
yetsit-press-622.jpg ရှမ်းပြည်တပ်မတော် RCSS/SSA ဥက္ကဋ္ဌ ဒု-ဗိုလ်ချုပ်ကြီး ယွက်ဆစ် စက်တင်ဘာလ ၁၅ ရက်နေ့က သတင်းစာရှင်းလင်းစဉ်
Photo: Aung Thain Kha/ RFA

တရုတ်နိုင်ငံဟာ မြန်မာနိုင်ငံနဲ့ နယ်နိမိတ်ချင်း ထိစပ်နေတဲ့ နိုင်ငံဖြစ်တဲ့အတွက် ငြိမ်းချမ်းရေးကိစ္စတွေအတွက် ကူညီရာမှာ ဘက်မလိုက်ပဲ ကြားနေဆောင်ရွက်မယ်ဆိုရင် အကောင်းဆုံးဖြစ်တယ်လို့ ယူဆကြောင်း ရှမ်းပြည် တပ်မတော် RCSS/SSA ဥက္ကဋ္ဌ ဒု-ဗိုလ်ချုပ်ကြီး ယွက်ဆစ် က ပြောပါတယ်။

ရန်ကုန်မြို့ ကန်တော်ကြီး ပဲလေ့စ်ဟိုတယ်မှာ ဒီနေ့ ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ RCSS/SSA  ဥက္ကဌ ဒု-ဗိုလ်ချုပ်ကြီးယွက်ဆစ်က အစိုးရအဖွဲ့နဲ့ တွေ့ဆုံခဲ့တဲ့ကိစ္စနဲ့ပတ်သက်ပြီး သတင်းထောက်တွေကို ဖြေကြားရာ မှာ ပြောလိုက်တာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းက ရန်ကုန်မြို့မှာ တရုတ်နိုင်ငံက သံအမတ်အပါအဝင် နိုင်ငံတကာက သံတမန်တချို့ နဲ့ တွေ့ဆုံပြီး ငြိမ်းချမ်းရေးကိစ္စတွေကို ဆွေးနွေးခဲ့တယ်လို့ ဒု-ဗိုလ်ချုပ်ကြီးယွက်ဆစ် ကပြောပါတယ်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ တပ်မတော် ဒုတိယ ကာကွယ်ရေးဦးစီးချုပ်တို့ဟာ ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ/ရှမ်းပြည်တပ်မတော် RCSS/SSA ဥက္ကဋ္ဌ ဒု-ဗိုလ်ချုပ်ကြီးယွက်ဆစ် ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့တို့နဲ့ နေပြည်တော်မှာ ပြီးခဲ့တဲ့ စက်တင်ဘာလ ၁၁ ရက်နေ့က သီးခြား စီတွေ့ဆုံခဲ့ပါတယ်။

အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲကို ရှမ်းပြည်နယ် တောင်ကြီးမြို့မှာ ကျင်းပခွင့်ပြုဖို့ တောင်းဆိုထားတာနဲ့ ပတ်သက်ပြီး နေပြည်တော်မှာ အစိုးရ၊ တပ်မတော် ခေါင်းဆောင်တွေနဲ့ တွေ့ဆုံစဉ် ဆွေးနွေးခဲ့ပေမယ့် တိုးတက်မှုမရသေးပဲ ဆက်လက်ဆွေးနွေးရဦးမှာဖြစ်တယ်လို့ RCSS ခေါင်းဆောင်တွေက ပြောပါတယ်။

ဒါ့အပြင် ရှမ်းပြည်နယ်မှာ မူးယစ်ဆေးဝါး တိုက်ဖျက်နိုင်ရေးအတွက် အစိုးရနဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ ကြိုးပမ်းနေပေမယ့် အောင်မြင်မှု မရသေးတာဟာ မူးယစ်ဆေးဝါးရဲ့ အရင်းအမြစ်ကို မတိုက်ဖျက်နိုင်သေးတဲ့ အတွက်ကြောင့်ဖြစ်ပြီး ဖြေရှင်းပုံ မမှန်ကန်သေးတာကြောင့်လို့ ပြောပါတယ်။

RCSS/SSA ဥက္ကဋ္ဌ ဒု-ဗိုလ်ချုပ်ကြီးယွက်ဆစ်က နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံ ခဲ့တာကို ကျေနပ်အားရကြောင်း၊ ဒါပေမဲ့ အစိုးရအနေနဲ့ ငြိမ်းချမ်းရေးအတွက် ဆောင်ရွက်စရာတွေများစွာ ရှိသေးတယ်လို့ ပြောပါတယ်။

NCA အပေါ်မှာ နားလည်မှု လွဲမှားနေတာတွေကို ဆွေးနွေးခဲ့ကြပြီး နိုင်ငံရေး မူဘောင်ပြင်ဆင်ရေးအတွက် တင်ပြခဲ့တယ်လု့ိပြောပါတယ်။

အလားတူ ရခိုင်ပြည်နယ်က ပဋိပက္ခတွေ မငြိမ်မသက်မှုတွေကြောင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ နဲ့ ဆွေးနွေးမှုတွေ နှောင့်နှေးကြန့်ကြာတာတွေတော့ မဖြစ်သင့်ဘူးလို့ ထင်မြင်ကြောင်းပြောပါတယ်။

တပ်မတော် ခေါင်းဆောင်တွေနဲ့ တွေ့ဆုံရာမှာ အောက်ခြေမှာ တိုက်ပွဲတွေမဖြစ်အောင် စေ့စပ်ညှိနှိုင်း အဖြေရှာဖို့ ဆွေးနွေးခဲ့ကြပြီး နောက်ပိုင်းမှာ ထိတွေ့မှုတိုက်ပွဲတွေ လျော့ကျသွားနိုင်ပါတယ်လို့ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။