ပင်လုံမှာ SSPP နဲ့ စစ်ကောင်စီတပ်၊ RCSS တပ်ဖွဲ့တို့အကြား စစ်ရေးတင်းမာနေ

ရှမ်းပြည်နယ်တောင်ပိုင်း ပင်လုံမြို့နယ်အတွင်းမှာ ဧပြီလ ၁၉ ရက်နေ့က စပြီး ရှမ်းပြည် တိုးတက်ရေးပါတီ (SSPP)၊ ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) နဲ့ စစ်ကောင်စီတပ်တို့အကြား စစ်ရေးတင်းမာမှုတွေ ပိုမြင့်လာတယ်လို့ SSPP သတင်း ပြန်ကြားရေးဌာနက ဒီနေ့ နေ့လယ်က သတင်းထုတ်ပြန်ပါတယ်။
ပင်လုံမြို့နယ် ဆနင်းတောင်ကြောမှာရှိတဲ့ SSPP တပ်စခန်းအနီးကို RCSS စစ်ကြောင်းတွေ လှုပ်ရှားလာသလို စစ်ကောင်စီတပ် အင်အား ၃၀၀ လောက်ကလည်း ပင်လုံနဲ့ လဲချား မြို့နယ်တွေကနေ စစ်ကြောင်းသုံးကြောင်းနဲ့ SSPP တပ်စွဲထားတဲ့ ဆနင်းတောင်ကြောကို ထိုးစစ်ဆင်လာနေတယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။
စစ်ရေးတင်းမာနေတဲ့ ပင်လုံမြို့နယ်ဘက်ကို RCSS ဌာနချုပ် လွိုင်တိုင်းမ်လျန်းကနေ စစ်အင်အား ၂၀၀၀ လောက် ထပ်မံချီတက်လာနေသလို ဆနင်းတောင်ကြောတစ်ဝိုက် တပ်တွေ နီးနီးကပ်ကပ် ရှိလာနေတာကြောင့် အချိန်မရွေး တိုက်ပွဲဖြစ်နိုင်တဲ့ အခြေ အနေရှိနေတယ်လို့ SSPP က ဆိုပါတယ်။
ဒီကိစ္စအတွက် RCSS ပြောခွင့်ရ ဗိုလ်မှူး ခမ်းစံကို RFA က အွန်လိုင်းကနေ ဒီကနေ့ ညနေပိုင်းမှာ ဆက်သွယ်မေး မြန်းခဲ့ပေမယ့် အကြောင်းမပြန်သေးပါဘူး။ အလားတူ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က ဖုန်းနဲ့ ဆက်သွယ်ပေမယ့် ပြန်လည်ဖြေဆိုတာ မရှိသေးပါဘူး။
ရှမ်းပြည်နယ်တောင်ပိုင်း ဟိုပုံးမြို့နယ် ကျောက်တန်းရွာ၊ ပင်လုံမြို့နယ် ဆနင်း တောင်ကြောနဲ့ ရပ်စောက်မြို့ နယ် ကျောက်ဂူကျေးရွာတစ်ဝိုက်မှာရှိတဲ့ SSPP တပ်ဖွဲ့စခန်းတချို့ကို ဆုတ်ခွာပေးဖို့ စစ်ကောင်စီက မတ်လ ၃၁ ရက်နေ့မှာ SSPP ကိုယ်စားလှယ်တွေ့နဲ့ တွေ့ဆုံချိန် တောင်းဆိုခဲ့ပါတယ်။
မူလသတ်မှတ်ထားတဲ့နယ်မြေ ကျော်လွန်လာတဲ့အပြင် RCSS နဲ့ SSPP ကြား ပြဿနာပြေလည်နိုင်ဖို့ အခုလို တောင်းဆိုခဲ့တာလို့ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ် ဇော်မင်းထွန်း က အခုလ ၅ ရက်နေ့မှာ RFA ကို ပြောထားပါတယ်။ SSPP ဘက်ကတော့ အဲ့ဒီနေရာက သူတို့တပ်တွေ ဆုတ်ခွာဖို့ ငြင်းဆိုထားတာဖြစ်ပါတယ်။