အစိုးရနဲ့ တပ်ကို RCSS တွေ့ဆုံခွင့်တောင်းတာ အကြောင်းမပြန်သေး


2018.12.06
saioo-rcss-ssa-622.jpg ရှမ်းပြည်တပ်မတော်တောင်ပိုင်း RCSS/SSA က ပြောခွင့်ရသူ ဒု ဗိုလ်မှူးကြီး စိုင်းဦး ကို တွေ့ရစဉ်
Photo: Kan Thar/ RFA

နိုင်ငံရေးအရ မပြေလည်တဲ့ကိစ္စတွေကို အလွတ်သဘောတွေ့ဆုံဆွေးနွေးဖို့ တောင်းဆိုထားပေမယ့် အစိုးရနဲ့ တပ်မတော်က ရက်ရွှေ့ဆိုင်းနေတဲ့အတွက် တွေ့ဆုံခွင့် မရသေးဘူးလို့ ရှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ RCSS/SSA ပြန်ကြားရေး တာဝန်ခံ ဒုဗိုလ်မှူးကြီး စိုင်းဦးက RFA ကို ပြောပါတယ်။

ဒီဇင်ဘာလ ၁ ရက်နေ့ကနေ ၅ ရက်နေ့အထိ RCSS ထိန်းချုပ်နယ်မြေ လွယ်တိုင်းလျဲန်းမှာ ကျင်းပခဲ့တဲ့ တတိယ အကြိမ် လူထုအစည်းအဝေး ထုတ်ပြန်ကြေညာချက်မှာလည်း တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးကို တပ်မတော် ဘက်က ကြေညာပြီး အခက်အခဲ အတားအဆီးတွေကို တွေ့ဆုံဆွေးနွေးအဖြေရှာဖို့ တောင်းဆိုထားတဲ့အချက် ပါဝင်ပါတယ်။

အဲဒီ ကြေညာချက်ထဲမှာ နိုင်ငံရေး ဆွေးနွေးမှုတွေမှာ ပင်လုံကတိကဝတ်၊ ပင်လုံစိတ်ဓာတ်၊ ပင်လုံစာချုပ်အတိုင်း ရပ်တည်ပြီး ဒီမိုကရေစီရေး၊ အမျိုးသားတန်းတူရေး ကိုယ်ပိုင်ပြဌာန်းခွင့် အပြည့်အဝရှိတဲ့ ဖက်ဒရယ်ပြည်ထောင်စုကို တည်ဆောက်ဖို့ RCSS ကို တိုက်တွန်းခဲ့ပါတယ်။

ဒါ့အပြင် မူးယစ်ဆေးဝါးအန္တရာယ်ကို တိုက်ဖျက်ဖို့ အဖွဲ့အစည်းအသီးသီးနဲ့ လက်တွဲမှာဖြစ်ကြောင်း၊ ရှမ်းပြည်နယ် အတွင်း သစ်တောနဲ့ သဘာဝသယံဇာတတွေ မပြုန်းတီးစေရေးအပါအဝင် အကြီးစားရေကာတာ တည်ဆောက်တဲ့ လုပ်ငန်းတွေနဲ့ ပတ်သက်ပြီး အဖွဲ့အစည်းအားလုံးနဲ့ ပူးပါင်းဆောင်ရွက်သွားမှာ ဖြစ်ကြောင်း စတဲ့ အချက် ၈ ချက် ပါဝင်ပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းက ရှမ်းပြည်တောင်ပိုင်း လင်းခေးခရိုင် မိုင်းပန်မြို့နယ်မှာ အစိုးရတပ်နဲ့ PNLO ပူးပေါင်းတပ်တွေက RCSS ကို တိုက်ခိုက်တယ်ဆိုတဲ့ သတင်းနဲ့ ပတ်သက်ပြီး RFA က မေးမြန်းရာမှာ အဲဒီဒေသက ကျေးရွာမှာ တပ်မတော်နဲ့ PNLO အဖွဲ့တွေ အတူရှိနေတယ်ဆိုတာကတော့ အမှန်ပဲဖြစ်ကြောင်းနဲ့ တိုက်ပွဲဖြစ်တာကတော့ PNLO ဘက်က စလို့ ဖြစ်ကြောင်း ဒုဗိုလ်မှူးကြီး စိုင်းဦး က ပြောပါတယ်။

PNLO ကတော့ သူတို့အဖွဲ့က တပ်မတော်နဲ့ပူးပေါင်းပြီး တိုက်ခိုက်ခဲ့တယ်ဆိုတာ မဟုတ်မှန်ကြောင်း RFA ကို မနေ့က ငြင်းဆိုထားပါတယ်။

ဒီသတင်းကို RFA သတင်းထောက် ကိုအောင်သိင်္ခ ပေးပို့လိုက်တာပါ။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။