ရန်ကုန် မြေဈေး သိန်းပေါင်း သောင်းချီနေ
2011.04.03

ရန်ကုန် ၆ မိုင်ခွဲ၊ ရွှေဟင်္သာလမ်းမှာ မြေတကွက်ကို သိန်း ၆ သောင်းနဲ့ မကြာသေးခင်က အရောင်းအဝယ် ဖြစ်သွားတာတွေ ရှိနေတယ်လို့ သိရပါတယ်။ လက်ရှိ ဈေးကွက်နဲ့ ပတ်သက်ပြီး အိမ်ခြံမြေ အရောင်းအဝယ်လုပ်သူ တဦးက ပြောပြပါတယ်။
“အဲဒီ ထူးအုပ်စုတို့ဘာတို့ အကုန်လုံးက ဝယ်နေကြတာ။ သိန်း နှစ်သောင်းဆိုလည်း ဝယ်တာပဲ၊ သိန်း သုံးသောင်းဆိုလည်း ဝယ်တာပဲ။ ဝင်ဒါမီယာက အမှိုက်ပုံတွေရော ကျန်တဲ့နေရာတွေရော ခြံခတ်ပြီး အကုန်လုံး ခွဲဝေယူနေကြတာပဲ”
အင်းလျားလမ်းထဲမှာ လွန်ခဲ့တဲ့ သုံးနှစ်က သိန်း ၁ သောင်း ၂ ထောင့် ၅ ရာနဲ့ ဝယ်ထားတဲ့ မြေကွက်ဟာ အခု သိန်း ၅ သောင်းလောက် တန်နေပြီ်လို့ ဆိုပါတယ်။ ဒါကြောင့် ငွေရှိသူတွေက မြေတွေဝယ်နေတာဖြစ်တယ်လို့ ပြောပါတယ်၊
ဒီလို အထက်ဈေးတွေမှာ မြေကွက် အရောင်းအဝယ်ဖြစ်နေပေမယ့် အောက်ဈေးတွေကတော့ အရောင်းအဝယ် မဖြစ်ဘူးလို့ ဆိုပါတယ်။
အာဏာပိုင် အဆင့်ကိုသာ ရောင်းချပေးနေတဲ့ မြောက်ဒဂုံမြို့နယ်က ပင်လုံအိမ်ယာ ဆိုရင် အစိုးရဈေးတင် မြေတကွက် သိန်း တထောင် ရှိနေတယ်လို့လည်း ပြောပါတယ်။ ဒါပေမယ့် အစိုးရဈေးနဲ့ ရထားတဲ့ ဒီမြေကွက်တွေကို တဆင့် ပြန်ရောင်းချတာကတော့ မရှိသလောက်ပဲလို့လည်း သိရပါတယ်။